သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cruz သူနဲ့ ပူးတွဲယှဉ်ပြိုင်မည့် ဒုသမ္မတလောင်းရွေးချယ်


ရီပတ်ဘလစ်ကင် ပါတီရဲ့ အမေရိကန် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရုန်းကန်နေတဲ့ Ted Cruz ဟာ ကွန်ပြူတာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိဟောင်းလည်းဖြစ် သူ့ရဲ့ ပြိုင်ဘက်ဟောင်းလည်းဖြစ်တဲ့ Carly Fiorina ကို သူ့ရဲ့ ဒုသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။

ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းအသွင်းခံရဖို့ ကြိုးပမ်းမှုမှာ Cruz ဟာ Donald Trump နောက်က ပြတ်ကျန်ရစ်ခဲ့သူ ဖြစ်ပါတယ်။

Carly Fiorina ဟာ လိုအပ်ရင် သမ္မတအဖြစ် ထမ်းဆောင်နိုင်ဖို့ အတွေ့အကြုံအပြင် ဉာဏ်ရည်လည်းရှိတဲ့ ထူးခြားတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ Cruz ကပြောပါတယ်။ Fiorina ဟာ တချိန်က Hewllet Packard ကွန်ပြူတာကုမ္ပဏီကြီးကို ဦးဆောင်ခဲ့သူဖြစ်ပြီး ကုမ္ပဏီဘုတ်အဖွဲ့ အပြောင်းအလဲအတွင်း အထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူ့အနေနဲ့ ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းပွဲတွေမှာ ပါဝင်ခဲ့ပြီး စကားစစ်ထိုးပွဲတွေမှာ ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တို့ရဲ့ ထောက်ခံမှု နည်းပါးတဲ့အတွက်ကြောင့် ဖေဖော်ဝါရီလထဲမှာ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ Cruz က အခုလို ရွေးချယ်လိုက်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းလည်း သူက ပြောပါတယ်။

သာမန်အားဖြင့် ကိုယ်စားလှယ်တွေအနေနဲ့ ပါတီညီလာခံကျင်းပတဲ့ အချိန်ကျမှသာ သူတို့နဲ့ တွဲပြီး အရွေးခံမယ့် ဒုတိယသမ္မတလောင်းတွေရဲ့ အမည်ကို ထုတ်ဖော် ကြေညာကြတာ ဖြစ်ပါတယ်။

အခုလို စောစီးစွာ ဒုတိယသမ္မတလောင်းကို Cruz က ရွေးချယ်တဲ့အတွက် Trump က ပျက်ရယ်ပြုလိုက်ပြီး၊ Texas အထက်လွှတ်တော်အမတ်အနေနဲ့ လုံးဝ ဖြစ်နိုင်ချေ မရှိဘူးလို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG