အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ ဒီမိုကရက်တစ်ပါတီက တိုင်းပြည်အနောက်ဘက်ခြမ်း Nevada ပြည်နယ်မှာ ပထမဆုံးအကြိမ် ဦးဆောင်ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Bernie Sanders ကို မဲအရေအတွက် ၅၂% ၊ ၄၈% နဲ့ အနိုင်ရရှိလိုက်ပြီ ဖြစ်ပါတယ်။
တချို့က နိုင်နိုင်ပါ့မလားဆိုတဲ့ သံသယ သူတို့အပေါ် ရှိကောင်း ရှိခဲ့နိုင်ပေမဲ့ သူတို့ကတော့ ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူးလို့ အော်ဟစ် ထောက်ခံသူတွေကို Nevada ပြည်နယ်က ပါတီဌာနချုပ်ရုံးမှာ Clinton က ပြောကြားလိုက်ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ကိုလည်း သူမက ချီးကျူး ပြောကြားလိုက်ပြီး ဟိုတယ်၊ ကာစီနိုတွေမှာ အလုပ်လုပ်နေကြသူတွေ၊ ကျောင်းသားတွေ၊ မိသားစုဝင်တွေနဲ့ တခြား ထောက်ခံသူတွေကိုပါ Hillary Clinton က သူ့ရဲ့ အောင်ပွဲခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
Nevada ပြည်နယ်က ထောက်ခံသူတွေကို Bernie Sanders က ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ - သူတို့အနေနဲ့ အလုပ်သမား လူတန်းစားတွေနဲ့ လူငယ်တွေ အရင်က တခါမှ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလီကန် ပါတီဝင်တွေဟာလည်း တိုင်းပြည်တောင်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ Souith Carolina ပြည်ရဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ စနေနေ့က မဲပေးခဲ့ကြတာမှာ မဲရုံတွေပိတ်ခါစ ဒေသစံတော်ချိန် ၈ နာရီ မထိုးခင်အထိ ဘီလီယံနာ သူဌေးကြီး Donald Trum ထိပ်ကနေ ဦးဆောင်နေပါတယ်။
South Carolina ပြည်နယ်မှာ ကျင်းပမယ့် ရီပတ်ဘလီကန်ပါတီတွင်း ရွေးချယ်မှုဟာ မတ်လ ၁ ရက်နေ့မှာ ကျင်းပမယ့် Super Tuesday ခေါ် ပြည်နယ်ပေါင်း ၁၂ ခုမှာ တပြိုင်ထဲ ကျင်းပမယ့် ရွေးချယ်မှုတွေ မတိုင်ခင် ကိုယ်စားလှယ်လောင်း အရေအတွက် လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။