သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကယ်ရိုလိုင်းနား ပါတီတွင်းရွေးပွဲ Hillary Clinton အနိုင်ရ


တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က Bernie Sanders ကို အပြတ်အသတ် အနိုင်ရလိုက်တဲ့အတွက် ပါတီတွင်းမှာ ရှေ့ကနေ ဦးဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ခိုင်မာသွားပြီ ဖြစ်ပါတယ်။

ဒါဟာ လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ တရက်တည်း ပြည်နယ်ပေါင်း ၁၁ ခုကျော်မှာ ပါတီတွင်း ရွေးချယ်မှုတွေ တပြိုင်တည်း မကျင်းပခင် နောက်ဆုံးပြုလုပ်တဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုလည်း ဖြစ်ပါတယ်။

တိုင်းပြည်တောင်ပိုင်းမှာရှိတဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ Hillary Clinton အနိုင်ရလိုက်တဲ့အကြောင်း မဲပေးပြီး ထွက်လာသူတွေထံက ကောက်ယူထားတဲ့ စစ်တမ်းတွေအပေါ် အခြေခံပြီး မဲရုံတွေပိတ်ပြီး မကြာခင် မိနစ်ပိုင်းအတွင်းမှာပဲ သတင်းမီဒီယာအတော်များများက ကြေညာလိုက်ကြတာ ဖြစ်ပါတယ်။

Hillary Clinton အနိုင်ရလိမ့်မယ်ဆိုတဲ့ ရလဒ်အပေါ် ယုံမှား သံသယ မရှိခဲ့ကြပါဘူး။ အားလုံးက မေးခွန်းထုတ်ခဲ့ကြတာကတော့ လူထုစစ်တမ်းတွေမှာ ၃၀% လောက် Hillary Clinton က ရှေ့ကနေ ပြေးနေတာကို Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders အနေနဲ့ ကွာဟမှု နည်းသွားအောင် ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်နေဆဲကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်မှု ၄ ခု ပြုလုပ်ခဲ့တဲ့အထဲ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတကတော်လည်း ဖြစ်ခဲ့ဘူးတဲ့ Hillary Clinton က ၃ ခုမှာ အနိုင်ရလိုက်ပြီး ဖြစ်သလို လာမယ့် အင်္ဂါနေ့ကျရင် ပြည်နယ် ၁၁ ခုမှာ တပြိုင်ထဲ ကျင်းပမယ့် ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာလည်း လူထုစစ်တမ်းတွေအရ ရှေ့ကနေ ပြေးနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG