သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းရွေးပွဲ ပြည်နယ် ၄ ခုမှာ အကြိတ်အနယ်ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာတော့ ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်ပါတီတို့အကြား ပဏာမရွေးကောက်ပွဲတွေကို အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်နေကြပါတယ်။ မီရှီဂန်ပြည်နယ်နဲ့ မစ္စစ်စီပီပြည်နယ် ၂ မှာ ကျင်းပတဲ့ သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ - ဟီလာရီကလင်တန်က အသာစီးရနေတာ ကို တွေ့ရပြီး၊ ရီပတ်ဘလစ်ကန်ပါတီဘက်မှာတော့ အင်္ဂါနေ့နှောင်းပိုင်း ပြည်နယ် ၄ ခုမှာ မဲပေးရာမှာ ကိုယ်စားလှယ်လောင်းတွေထဲ ရှေ့တန်းရောက်နေတဲ့ Donald Trump အပေါ် ထောက်ခံမှု ကျဆင်းနိုင်တယ်လို့ နိုင်ငံရေးစစ်တမ်းသစ်တွေက ဖော်ပြနေကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

အခုကျမတို့ အသံလွှင့်နေချိန်မှာ မီရှီကန်၊ Mississippi၊ အိုင်ဒါဟိုးနဲ့ ဟာဝိုင်အီပြည်နယ်တွေမှာတော့ မဲရုံတွေ ပိတ်တော့မှာဖြစ်ပါတယ်။ ဒီပြည်နယ်တွေမှာ ယှဉ်ပြိုင်နေကြတဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်တွေကြားမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ်သူဌေးကြီး Donald Trump ရီပတ်ဘလစ်ကန် ပါတီတွင်းမှာ ထောက်ခံမှု ၃၄ ရာခိုင်နှုန်း ရှိနေဆဲဖြစ်ပြီး၊ ပြိုင်ဘက်တွေဖြစ်ကြတဲ့ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ၂၅ ရာခိုင်နှုန်း၊ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio နဲ့ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich က ၁၃ ရာခိုင်နှုန်း အသီးသီးရနေကြတယ်လို့ Washington Post သတင်းစာနဲ့ ABC ရုပ်သံသတင်းဌာနတို့ရဲ့ ပူးတွဲစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ထိပ်ဆုံးနေရာမှာရှိနေတဲ့ ကုဋေကြွယ်သူဌေးကြီး Donald Trump က သူ့ကို ထောက်ခံမှုပေးကြဖို့ သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ မကြာသေးခင် နာရီပိုင်းတွေအတွင်း ဆော်သြခဲ့တာပါ။ သူဟာ ကိုယ်စားလှယ်တွေကြား ထိပ်ဆုံးနေရာမှာရှိနေတယ်ဆိုပေမဲ့လည်း Washington Post နဲ့ ABC တို့ရဲ့ အရင် စစ်တမ်းတွေထက်စာရင်တော့ ကျဆင်းလာခဲ့တာပါ။ အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Marco Rubio တို့က ကပ်လိုက်နေတယ်လို့လည်း အခုနောက်ဆုံး စစ်တမ်းက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် သမ္မတလောင်းရွေးပွဲမှာ အရေးနိမ့်ခဲ့တဲ့ Mitt Romney အပါအဝင် ရီပတ်ဘလစ်ကန် ပါတီတွင်းက သြဇာရှိသူတွေက နိုင်ငံရေး အတွေ့အကြုံနည်းပါးတဲ့ Donald Trump ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးမခံရအောင် တားဆီးဖို့ ကြိုးပမ်းမှုတွေ အကြီးအကျယ် ပေါ်ပေါက်ချိန်မှာ စစ်တမ်းသစ်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးသူ သူဌေးကြီး Donald Trump ဟာ ကြိုတင်မှန်းဆရ ခက်ခဲသူ တဦးဖြစ်တဲ့အတွက် ၂၀၁၇ ဇန်နဝါရီလမှာ သမ္မတ ဘရက်ခ် အိုဘားမား ရာထူးကထွက်တဲ့အခါ သမ္မတသစ်တဦးအဖြစ် တက်လာဖို့ နိုဝင်ဘာလရွေးကောက်ပွဲ ကျင်းပရာမှာ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ရှေ့တန်းရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကို မယှဉ်နိုင်မှာကိုလည်း ရီပတ်ဘလစ်ကန်ပါတီထဲမှာ စိုးရိမ်မှုတွေရှိနေကြတာပါ။ ဒီမိုကရက်တစ်ပါတီဘက်မှာတော့ အခုကျင်းပနေတဲ့ မီရှီဂန်ပြည်နယ်နဲ့ Mississippi ပြည်နယ်တို့က သမ္မလောင်းရွေးပွဲ တွေမှာတော့ လောလောဆယ်အထိ ဟီလာရီ ကလင်တန်က ဗာမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို အသာစီးရနေတာ ဖြစ်ပါတယ်။

“ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်း စောစောတင်သွင်းခံရမယ်ဆိုရင် စောစောစီးစီး ပြိုင်ဘက်ရီပတ်ဘလစ်ကန်တွေကို အာရုံစိုက်နိုင်မှာ ဖြစ်တဲ့အကြောင်း မီရှီဂန်မှာ ထောက်ခံသူတွေကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။”

မီရှီဂန်ပြည်နယ်က ချင်းတိုင်းရင်းသား ဦးခေါ့ထောင်းကတော့ - အမေရိကန်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးမယ့်သူပါ။ သူ့အနေနဲ့ကတော့ ဟီလာရီ ကလင်တန်ကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်လို့ အခုလို ပြောခဲ့ပါတယ်။

“အခုထိကတော့ ဒီမိုကရက်ကိုပဲ စဉ်းစားထားတယ်။ ဟီလာရီက ပိုပြီးတော့ သင့်တော်တယ်လို့ ယူဆပါတယ်။ Bernie Sanders က သူ့ပေါ်လစီက ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။ အဲဒါကြောင့် ဟီလာရီကို ပိုပြီးတော့ သမ္မတနေရာနဲ့ သင့်တော်တယ်လို့ ယူဆပါတယ်။ မြန်မာပြည်အတွက်လည်း ဟီလာရီက ပိုပြီးတော့ ကောင်းမယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ အရင် သူက နိုင်ငံခြားရေးဝန်ကြီးဖြစ်တုန်းက ဗမာပြည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက အတွေ့အကြုံရှိတယ်။ နောက်ပြီးတော့ သူက အကျိုးအကြောင်းလည်း အခြေခံ ပိုသိတယ်ဆိုတော့ ဗမာပြည်အတွက် ပိုကောင်းမယ်လို့ပဲ စဉ်းစားထားပါတယ်။”

မီရှီဂန်ပြည်နယ်နဲ့ အဲဒီပြည်နယ်က ပါတီကိုယ်စားလှယ် ၅၉ ဦးရဲ့ ထောက်ခံမှုကို ရဖို့က ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေအတွက် အင်မတန်ကို အရေးကြီးတာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေအနေနဲ့ အဲဒီမဲရလဒ်တွေအပေါ် အခြေခံပြီး ပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကို ရတာကြောင့်ဖြစ်ပါတယ်။ Mississippi, အိုင်ဒါဟိုးနဲ့ ဟာဝိုင်အီ ပြည်နယ် ၃ ခုပေါင်းမှာတော့ ကိုယ်စားလှယ်အရေအတွက်က ၉၁ ဦးရှိပါတယ်။ လောလောဆယ်အထိကတော့ ရီပတ်ဘလစ်ကန်ပါတီတွင်း ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ ၃၈၄ မဲ Donald Trump ရရှိထားပြီး၊ Ted Cruz က ၃၀၀၊ Marco Rubio က ၁၅၁ နဲ့ John Kasich က ၃၇ အသီးသီး ရထားပြီး၊ ဒီမိုကရက်တစ်ပါတီဖက်မှာတော့ ဟီလာရီကလင်တန်က ၁၁၃၀ ဘာနီဆန်းဒါးစ် က ၄၉၉ အသီးသီးရထားကြပါတယ်။ သမ္မတလောင်းအဖြစ် ပါတီကရွေးချယ်ခံရဖို့အတွက် ရီပတ်ဘလစ်ကန် ပါတီမှာ ကိုယ်စားလှယ်မဲ ၁၂၃၇ မဲ ရဖို့လိုသလို၊ ဒီမိုကရက်တစ်ပါတီမှာတော့ ၂၃၈၃ မဲ ရရှိဖို့လည်း လိုအပ်တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေမှာတော့ Mississippi ပြည်နယ်မှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ ရီပတ်ဘလစ်ကန်ပါတီဘက်မှာတော့ ကုဋေကြွယ်သူဌေးကြီး Donald Trump က အနိုင်ရဖို့ အလားအလာကောင်းနေပါတယ်ရှင်။

XS
SM
MD
LG