သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florida နဲ့ Ohio မှာ Trump နဲ့ Clinton အနိုင်ရဖို့ တစ်ပြေး


အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို အင်္ဂါနေ့က ပြည်နယ် ၅ ခုမှာ ဆက်လက် ပြုလုပ်နေတာမှာ အရေးကြီးတဲ့ ပြည်နယ်တွေမှာ ရီပတ်ဘလစ်ကန်ပါတီက Donald Trump နဲ့ ဒီမိုကရက်ပါတီက Hillary Clinton တို့ အသီးသီး အနိုင်ရနေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

Florida ပြည်နယ်မှာ ပြုလုပ်တဲ့ ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာတော့ ဒီမိုကရက်ပါတီမှာ ရှေ့ကပြေးနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ၆၅% နဲ့ ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို အနိုင်ရနေတယ်လို့ ဆိုပါတယ်။ Bernie Sanders ကတော့ မဲအရေအတွက် ၃၃% ရရှိထားပါတယ်။

ရီပတ်ဘလစ်ကန်ဘက်မှာတော့ ပါတီတွင်း ရှေ့ကနေ ဦးဆောင်နေတဲ့ ဘီလီယံနာသူဌေးကြီး Donald Trump က ၄၅% နဲ့ အနိုင်ရရှိပြီး၊ ပြိုင်ဘက် Florida ပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio ကတော့ ၃၂% နဲ့ ဒုတိယလိုက်နေပြီး၊ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ၁၆% ကျော်နဲ့ တတိယနေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

Ohio ပြည်နယ်မှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး John Kasich က လောလောဆယ် အားလုံးရဲ့ရှေ့ကနေ ဦးဆောင်နေပေမဲ့ ဘယ်သူ အနိုင်ရမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အင်္ဂါနေ့ ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲ ကျင်းပတဲ့ ပြည်နယ်တွေကတော့ Illinois ၊ Missouri ၊ North Carolina ၊ Ohio ၊ Florida ပြည်နယ်တို့ ဖြစ်ကြပါတယ်။

Clinton ရော Trump တို့ ၂ ဦးစလုံးအတွက် အရေးကြီးတဲ့ ပြည်နယ်တွေကတော့ Florida နဲ့ Ohio ပြည်နယ်တွေဖြစ်ပြီး အဲဒီ ပြည်နယ်တွေမှာ သူတို့ ၂ ဦးစလုံး အနိုင်ရရင် သက်ဆိုင်ရာ ပါတီအသီးသီးရဲ့ သမ္မတကိုယ်စားလှယ်တွေအဖြစ် အမည်တင်သွင်းခံရဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။

Florida ပြည်နယ်က မဲစာရင်းတွေ ထွက်လာပြီး မကြာခင်မှာပဲ အထက်လွှတ်တော်အမတ် Rubio က သူ့အနေနဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်ကြောင်း ထောက်ခံသူတွေကို ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG