သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲနဲ့ မြန်မာနွယ်ဖွားတွေရဲ့ မျှော်လင့်ချက်


သမ္မတ ဘိုင်ဒန်နှင့် သမ္မတဟောင်း အိုဘားမားတို့ နိုဝင်ဘာ ၅ ရက်နေ့က Pennsylvania ပြည်နယ်တွင် မဲဆွယ် စည်းရုံးနေကြစဉ်။
သမ္မတ ဘိုင်ဒန်နှင့် သမ္မတဟောင်း အိုဘားမားတို့ နိုဝင်ဘာ ၅ ရက်နေ့က Pennsylvania ပြည်နယ်တွင် မဲဆွယ် စည်းရုံးနေကြစဉ်။

အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ နှစ်ရက်ပဲလိုပါတော့တယ်။ လက်ရှိအာဏာရပါတီ ဒီမိုကရက်နဲ့ အတိုက်အခံ ရီပါပလင်ကန် ပါတီတွေကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် မဲဆွယ်နေကြပါတယ်။ ဒီရွေးကောက်ပွဲမှာ သူတို့ ကြိုက်နှစ်သက်တဲ့ပါတီကို မဲထည့်ကြမယ့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေဘက်က ဘာတွေမျှော်လင့်ချက် ရှိနေသလဲ။ လွှတ်တော်မှာ ဘယ်ပါတီက လွှမ်းမိုးလာနိုင်ချေ ရှိမလဲ။ မြန်မာ့အရေးမှာရော ဘယ်လိုအပြောင်းအလဲတွေ ရှိမလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြမှာပါ။

လာမယ့် အင်္ဂါနေ့ (နိုဝင်ဘာလ ၈ ရက်) မှာ ကျင်းပမယ့် အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့ ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ နယူးရောက်မှာ နေထိုင်တဲ့ ကိုမိုးချမ်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ဒီသက်တမ်းဝက်က ဒီနှစ်မှာ ဘာထူးခြားသလဲဆိုတော့ ကျနော်တွေ့ရသလောက်က အောက်လွှတ်တော်က လွှတ်တော်အမတ်အားလုံးက ရွေးကောက်ပွဲ ပြန်ဝင်ရတယ်။ အဲဒါ ထူးခြားတယ်။ နောက်တခုက အထက်လွှတ်တော်ကလဲ ထိုင်ခုံ (၃၅) ခုံ (၃) ပုံ (၁) ပုံလောက် ရှိတယ်။ ဆိုတော့ အဓိကက အောက်လွှတ်တော်က ဘာကြောင့် အကုန်လုံးပြန်ဝင်ရသလဲဆိုတဲ့ အနေအထားမှာ လေ့လာကြည့်လိုက်တဲ့အချိန်ကြတော့ ၂၀၂၀ တုန်းက လုပ်ခဲ့တဲ့ Census တွေ လူဦးရေစာရင်း ကောက်ခံတဲ့ဟာရဲ့ နောက်ဆက်တွဲ ရလဒ်ပေါ်မှာ မူတည်ပြီတော့ သူတို့က နယ်မြေတွေကို ပြန်ပြီးတော့ သတ်မှတ်ခဲ့တယ်။ လူဦးရေတွေက တိုးလာတယ်။ (၁၀) နှစ်တခါ လူဦးရေးက တိုးလာတဲ့အခါကြတော့ အဲဒီလူဦးရေ တိုးတဲ့ပေါ် မူတည်ပြီတော့ နယ်မြေတွေကို ပြန်ပြီတော့ သတ်မှတ်တယ်။ နယ်မြေတွေ ပြန်ဆွဲတာ။ ခရိုင်နယ်မြေတွေကို ပြန်ဆွဲပြီတော့ အဲဒီလူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ဆိုပြီတော့ အောက်လွှတ်တော်မှာ ထိုင်ခုံ ၄၃၅ ခုံရှိရာ အကုန်လုံး ရွေးကောက်ပွဲ ပြန်ဝင်ရတယ်ဆိုတဲ့ဟာ ရှိတယ်။"

သူကိုယ်တိုင်ကတော့ ပါတီပေါ် မူတည်တာထက် အရည်အချင်းရှိတဲ့ လွှတ်တော်အမတ်ကိုပဲ မဲပေးမှာလို့ ကိုမိုးချမ်းက ဆိုပါတယ်။

Nevada ပြည်နယ် Las Vegas က စားသောက်ဆိုင်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးဆန်နီကတော့ ပါတီအပေါ်မူတည်ပြီး မဲပေးမယ့်အကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်ကတော့ သေချာပေါက် ရီပတ်ဘလင်ကန်ပါပဲ။ အရင်ကလဲ ရီပတ်ဘလင်ကန်ပဲ ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးရတဲ့ အကြောင်းရင်း နှစ်ခု ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ကျနော်တို့က လုပ်ငန်းလုပ်နေတော့ ဘန်ဒန်အစိုးရအနေနဲ့ အများကြီး လူတွေကို Giveaway လုပ်လိုက်တယ်။ ပိုက်ဆံတွေ အများကြီးပေးလိုက်တယ်။ ပေးလိုက်တဲ့ဟာက ပထမပိုင်းတော့ လူတွေအားလုံးက ဟုတ်မလိုလိုနဲ့၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ တအားပျင်းသွားကြတယ်။ အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံရတယ်ဆိုတဲ့လူက အဲဒီပိုက်ဆံကို သုံးကြတယ်။ သုံးကြတော့ ကျနော်တို့လည်း ပထမပိုင်းတော့ နည်းနည်းရောင်းလို့ကောင်းတာလေးတွေ တက်လာပြုလာရှိတယ်။ ဒါပေမဲ့ အစိုးရဖြစ်သွားတာ ဘာလဲဆိုတော့ လူတွေက အလုပ်မလုပ်ကြတော့ဘူး။ အလုပ်မလုပ်ကြတော့တဲ့အတွက် အလုပ်သမားရှာရတာ တအားခက်ပါတယ်။ ဒါက ကျနော်တို့မှ မဟုတ်ဘူး၊ Amazon ကုမ္ပဏီအကြီးကြီးတွေကအစ အလုပ်သမားရှာရတာ တအားခက်သွားတယ်။ အဲဒါအပြင် အလုပ်သမားရဲ့ နှုန်းထားကလဲ တအားပိုမြင့်သွားတယ်။ အရင်တုန်းက ကျနော်တို့ ကိုးကျပ်လောက် ပေးလို့ရတဲ့ လူတယောက်က အခုအချိန်မှာ ၁၅ ကျပ်မပေးလို့ မရတော့ဘူး။ ဒါက ကျနော်တို့အနေနဲ့။ ကုမ္ပဏီကြီးတွေကလဲ နှစ်ဆယ်လောက်အထိ တစ်နာရီ ပေးကြရတာ။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ချင်တဲ့လူက တော်တော်လေးနည်းတယ်။

နောက်တချက်က ပိုပြီးတော့ ဆိုးလာတာက လူတွေက အလုပ်မလုပ်ကြဘူး။ အဲဒါအပြင် အလုပ်မလုပ်ရင်လဲ ဒီငွေရတယ်ဆိုပြီတော့ ဖြစ်ကြတယ်။ ပြီးတော့ ဒီဟာထဲမှာမှ သူတို့က Cash ရတဲ့ အလုပ်တွေကို ဝိုင်းပြီးတော့ လုပ်ကြတယ်။ လုပ်ကြတော့ ကျနော်တို့လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ တခါတလေကြရင် မလုပ်မဖြစ်လို့ လူငှားရလို့ရှိရင် ကျနော်တို့က Cash နဲ့ ပေးရတယ်။ Cash နဲ့ ပေးရတယ်ဆိုတာက ကျနော်တို့အတွက် အမြတ်ထဲကနေ ပြန်ပါသွားတဲ့သဘော ဖြစ်တဲ့အတွက် အရှုံုးပေါ်ပါတယ်။ အဲဒါ အဓိကပါ။"

တဘက်မှာလဲ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဒီမိုကရက်ပါတီဘက်က လုပ်ဆောင်ချက်တွေကို အားမရဘူးလို့လည်း ဦးဆန်နီက ပြောပါတယ်။

ကြိုတင်မဲပေးထားတဲ့ မေရီလန်းပြည်နယ်မှာ နေထိုင်သူ မအိကတော့ ဒီတကြိမ်လွှတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ သူတို့ပြည်နယ်မှာ အရင်ကအတိုင်း ဒီမိုကရက်ဘက် ရှေ့ကပြေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒီမိုကရက်ဘက်ကို မဲထည့်ခဲ့ရတဲ့အကြောင်းအရင်းကိုလည်း သူက အခုလို ပြောပါတယ်။

"လက်ရှိအခြေအနေမှာတော့ စီးပွားရေး ပြန်ဦးမော့လာအောင် လုပ်နိုင်မယ်လို့တော့ ကျမက positively မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ဒီမိုကရက်တစ်ထဲမှာ ပါဝင်လာတဲ့လူတွေက အရင်တုန်းကအကြိမ်နဲ့ မတူဘူး။ လူငယ်တွေများတယ်။ ပြီးတော့ အာရှသားတွေများတယ်။ စီးပွားရေးသည် လက်ရှိမှာ ဖြစ်နေတဲ့ ဂျိုဘိုင်ဒန်ရဲ့ လုပ်ဆောင်ချက်ကြောင့် ဒီမိုကရက်တစ်တွေ အားနည်းမယ်လို့တော့ ကျမက မထင်ဘူး။ ဖြစ်နေတဲ့ ပေါ်လစီတွေ၊ ဘယ်လိုဖြေရှင်းလဲ။ ဘယ်သူက ဖြေရှင်းနိုင်မလဲဆိုတာကိုတော့ ပညာတတ်လူတွေက ပိုပြီးတော့ သိနေလို့ထင်တယ်။"

ဒါအပြင် မေရီလန်းပြည်နယ်မှာ ဒီမိုကရက်ပါတီဘက်က ကိုရီးယား၊ တရုတ်၊ အိန္ဒိယစတဲ့ အာရှနွယ်ဖွားတွေကို အလေးထားနေရာပေး စည်းရုံးလာတာ တွေ့ရတယ်လို့ မအိက ပြောပါတယ်။ ဒါကြောင့် မြန်မာအသိုင်းအဝိုင်းတွေဘက်ကလည်း သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ကူညီပံ့ပိုးပေးပြီး အပြန်အလှန်အားဖြင့် မြန်မာ့အရေးကို အလေးပေးလာအောင် လုပ်ဆောင်သင့်တယ်လို့ မြင်မိကြောင်း မအိက ဆိုပါတယ်။

"သို့သော်လဲ ဒီနှစ်မှာစပြီးတော့ သူတို့ရဲ့ ဖိတ်ခေါ်မှုတွေ၊ ဖိတ်ကြားမှုတွေကို သွားရောက်တယ်။ Cultural Show တွေမှာ ဝင်ရောက်ဆင်နွှဲတယ်။ ဒါမျိုးတွေတော့ ရှိလာတယ်။ အဲဒါတွေက အဓိက Soft Power ပေါ့။ အဲဒီ Soft Power တွေက တကယ်လို့သာ ဆီနိတ်တာတွေနဲ့ ထိတွေ့မှု ရှိတယ်ဆိုရင် ကိုယ်တွေရဲ့အကြောင်း ကိုယ်တွေရဲ့ ယဉ်ကျေးမှုကို ပိုသိလာမယ်။ ကိုယ့်နိုင်ငံရဲ့အကြောင်းကို ပိုပြီတော့ သိလာမယ်ဆိုရင် သူတို့က ပိုပြီနားလည်လာမယ်။ မြန်မာ့အရေးကိုလည်း ပိုနားလည်လာမယ်။ ကျမတို့က Soft Power နဲ့ သူတို့ကိုလည်း ချဉ်းကပ်ဖို့ လိုတယ်လို့ ကျမကမြင်တယ်။"

အင်ဒီယားနားပြည်နယ် Indianapolis မြို့မှာနေထိုင်တဲ့ Burmese American Community Insitute (BACI) ဥက္ကဋ္ဌ ချင်းလူမျိုး ဒေါက်တာ Ro Ding ကတော့ သူတို့ ပြည်နယ်နယ်က ရွေးကောက်ပွဲ အလားအလာကို အခုလို ဗွီအိုအေကို ပြောပါတယ်။

"အဓိက ဗမာပြည်သားတွေ သုံးသောင်းလောက် ရှိတယ်။ Fort Wayne နဲ့ဆိုရင် လေးသောင်းနီးပါး ရှိတယ်။ နည်းနည်းတော့ ကွဲမယ်။ ဒါပေမဲ့ ချင်းခရစ်ယာန် အများစုကတော့ ကျနော်ထင်တယ် ရီပတ်ဘလင်ကန်ဘက်ကို အားသာပါတယ်။ ရီပတ်ဘလင်ကန်ကို မဲပေးမယ့်အခြေအနေ ရှိတယ်လို့ ကျနော် သုံးသပ်ပါတယ်။"

ဒီတကြိမ် လွှတ်တော်မှာ သူမဲပေးမယ့် ရီပါပလင်ကန်ပါတီဘက်က ကြီးစိုးလာမယ်ဆိုရင် မျှော်လင့်ထားချက်တွေကိုတော့ ဒေါက်တာ Ro Ding က အခုလိုပြောပါတယ်။

"အမေရိကန်နိုင်ငံမှာ သမ္မတက Executive Power အပြည့်အဝ - အုပ်ချုပ်ရေးအာဏာ အပြည့်အဝ ရှိတယ်ဆိုတဲ့အခါကြတော့ စီးပွားရေးပေါ်လစီ၊ နိုင်ငံခြားရေးမူဝါဒတို့ အဲဒါတွေကြတော့ အဓိက သမ္မတရဲ့ သဘောထားပဲ ဖြစ်တယ်။ ဆိုတော့ အဲဒါတွေကတော့ ပြောင်းလဲမယ်လို့တော့ မထင်ဘူး။ နောက် ကျနော်တို့ ဗမာပြည်အနေနဲ့ ဗမာပြည်အပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ ပေါ်လစီက ပြောင်းလဲမယ်လို့ ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက အဓိက သမ္မတနဲ့ သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ချမှတ်တာ ပိုများတယ်။ နောက် စီးပွားရေးတို့ ဘာတို့မှာလဲ သမ္မတရဲ့ စီးပွားရေးက အာဏာပိုရှိတယ်။ ဒါပေမဲ့ နောက်တခုကတော့ လွှတ်တော်ကလဲ ဥပဒေပြုရေးမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က တော်တော်လေး အာဏာရှိတယ်။ ဆိုတော့ သမ္မတရဲ့ တချို့တွေ လုပ်ချင်တဲ့ပေါ်လစီတွေကို ရီပတ်ဘလင်ကန်ဘက်က အားသာလာမယ်ဆိုရင် လွှတ်တော်က ဘယ်လောက်လုပ်နိုင်တယ်၊ ဆန့်ကျင်ပြီတော့ ဖျက်သိမ်းနိုင်တယ်။ သမ္မတရဲ့ ပေါ်လစီတွေကို အကောင်အထည် မဖော်နိုင်အောင် ဟန့်တားနိုင်မယ့် အခြေအနေတော့ ရှိမယ်လို့ ကျနော် သုံးသပ်ပါတယ်။"

လွှတ်တော်မှာ ဘယ်ပါတီပဲ ကြီးစိုးကြီးစိုး မြန်မာ့အရေးအတွက် နှစ်ပါတီလုံးကို ချဉ်းကပ်ရမှာဖြစ်တယ်လို့ ကိုမိုးချမ်းကပြောပါတယ်။ လက်ရှိမှာတော့ ရီပါပလင်ကန် ပါတီဘက်ကတော့ ငွေကြေးဖောင်းပွဲမှု ရာဇဝတ်မှု ပြဿနာတွေကို အဓိကထောက်ပြပြီး သူတို့ကို မဲပေးဖို့ မဲဆွယ်နေသလို၊ လက်ရှိအာဏာရ ဒီမိုကရက်တွေဘက်ကတော့ နိုင်ငံတွင်း စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု ကိစ္စတွေအတွက် စိုးရိမ် ပူပန်စရာမရှိကြောင်းပြောဆိုထားပါတယ်။ ဒါအပြင် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ နိုင်ငံရေးအကြမ်းဖက်မှုနဲ့ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်ခံနေရတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

==== Unicode ===


















XS
SM
MD
LG