သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအတွက် အမေရိကန်သံရုံးတချို့ ဆက်ပိတ်ထားမည်


အစ္စရေး Tel Aviv မြို့တော်က အမေရိကန်သံရုံး။ (သြဂုတ်လ ၄ ရက်၊ ၂၀၁၃)။
အစ္စရေး Tel Aviv မြို့တော်က အမေရိကန်သံရုံး။ (သြဂုတ်လ ၄ ရက်၊ ၂၀၁၃)။
အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာရှိတဲ့ သံတမန်ဌာန အတော်များများကို အခုသီတင်းပတ် တပတ်လုံးအတွက် ပိတ်ထားမယ်လို့ အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးပေါင်း ၂၀ ကျော်ကို လုံခြုံရေး စိုးရိမ်တဲ့အတွက် တနင်္ဂနွေနေ့မှာ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်သံရုံးတချို့ကိုပါ ထပ်ပိတ်ကြောင်း တနင်္ဂနွေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒက်ကာ (Dhaka)၊ ဘက်ဂဒက် (Baghdad) နဲ့ ကဘူလ်း (Kabul) အပါအဝင် တချို့နိုင်ငံတွေက သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ကိုတော့ တနင်္လာနေ့မှာ ပုံမှန်အတိုင်း ပြန်ဖွင့်မှာဖြစ်ပါတယ်။

အခုလို သံရုံးတချို့ကို ထပ်ပိတ်လိုက်တာဟာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအသစ်တွေ ထပ်ရတဲ့အတွက်ကြောင့်မဟုတ်ဘဲ အမေရိကန် အရာရှိတွေ အနေနဲ့ လုံခြုံရေးဆိုင်ရာ သတိထားဖို့ လေ့ကျင့်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုရှိ လာနိုင်ကြောင်း အမေရိကန် အရာရှိတွေရဲ့ သတိပေးချက် ထွက်လာခဲ့ပြီးတဲ့နောက် ရက်သိပ်မကြာခင်မှာပဲ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို တနင်္ဂနွေနေ့က ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် သံတမန်ဌာန ၂၀ ကျော်ထဲက အများစုဟာ အီရတ်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံအပါအဝင် မူဆလင်နိုင်ငံတွေကဖြစ်ပြီး ဒီနိုင်ငံတွေမှာ တနင်္ဂနွေနေ့ဟာ ပုံမှန်အလုပ်လုပ်ရက် ဖြစ်ပါတယ်။ အီရတ်နိုင်ငံ ဘက်ဂဒက်က အမေရိကန် သံရုံးကတော့ တနင်္လာနေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။
XS
SM
MD
LG