သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကြောင့်ပိတ်ထားတဲ့ အမေရိကန်သံရုံးတချို့ ပြန်ဖွင့်


လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် တပတ်ကျော် ပိတ်ထားခဲ့ရတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အမေရိကန် သံရုံးတွေ နဲ့ ကောင်စစ်ဝန်ရုံးတွေထဲက ၁၈ ခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်က ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ က တိုက်ခိုက်မှုတွေ စီစဉ်ဆောင်ရွက်လာနိုင်တယ်ဆိုတဲ့ ကမ္ဘာတဝှမ်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက သူ့ရဲ့ သံတမန်ဌာန တွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်မှာရှိတဲ့ အယ်လ်ခိုင်းဒါ အဖွဲ့အကြီးအကဲ Ayman al-Zawahri က ယီမင်နိုင်ငံမှာ ရှိတဲ့ အယ်လ်ခိုင်းဒါးဌာနခွဲ အကြီးအကဲကို တိုက်ခိုက်မှုတွေ လုပ်ဖို့ အမိန့်ပေးထားတဲ့ ဆက်သွယ် စကားပြောဆိုမှုတွေကို အမေရိကန်ထောက် လှမ်းရေးက ကြားဖြတ်ဖမ်းယူ ရရှိခဲ့ပြီးတဲ့နောက်မှာ ခုလို သတိပေးချက်တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်လှုပ်ရှားသူ နှစ်ဦးကတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ တိုက်ခိုက်မှုတွေ လုပ်သွားမယ် ဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ကြပါဘူး။

အခုလို သံဌာနတွေ ပြန်ဖွင့်ခဲ့တဲ့အထဲမှာ ယီမင်နိုင်ငံ မြို့တော် Sana’a မှာရှိတဲ့ အမေရိကန်သံရုံးတော့ မပါဝင်ပါဘူး။ ယီမင်အကြမ်းဖက်ဌာနခွဲဖြစ်တဲ့ အာရေဗျကျွန်းဆွယ်က အယ်လ်ခိုင်းဒါးအဖွဲ့က တိုက်ခိုက်မှုတွေ လုပ်လာနိုင်ချေရှိတဲ့အတွက် စိုးရိမ်မှုတွေ ဆက်ရှိနေတာကြောင့် ခုလို ယီမင်က သံရုံးကို ဆက်ပိတ်ထားတာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Psaki က ပြောပါတယ်။

စနေနေ့တုန်းကတော့ ယီမင် ကာကွယ်ရေးဝန်ကြီး Nasser Ahmed နဲ့ ယီမင်နိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး Karen Hideko Sasahara တို့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် အကြမ်းဖက် လှုပ်ရှားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်တာတွေမှာ ယီမင် ကာကွယ်ရေးဌာနရဲ့ ကြိုးပမ်းမှုတွေကို ကူညီထောက်ပံ့ဖို့ လိုအပ်တဲ့အကြောင်း Sasahara က အလေးပေး ပြောကြားခဲ့တယ်လို့ ယီမင်အစိုးရပိုင် SABA သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဒီအတောတွင်း သီးခြား အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် ကြာသပတေးနေ့ကစပြီး ပိတ်ထားခဲ့တဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ဆက်လက် ပိတ်ထားဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG