အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာ အပါအဝင် အပြောင်းအလဲတွေ လုပ်ခဲ့တဲ့အပေါ် စိုးရိမ် ပူပင်ကြောင်း ရန်ကုန်မြို့က အမေရိကန် သံရုံးပြောခွင့်ရသူက ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။
“ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စဟာ ပါတီရဲ့ အတွင်းရေးကိစ္စသာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပေမဲ့ နောက်ဆုံးမှာ အငြင်းပွားမှုကို လုံခြုံရေးတပ်ဖွဲ့ အကူအညီနဲ့ ဖြေရှင်းခဲ့တာကြောင့် ကျနော်တို့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘယ်လိုဥပဒေကြောင်း အခြေခံအရ လုပ်ဆောင်ခဲ့တယ် ဆိုတာကို အစိုးရက ရှင်းလင်းပြသနိုင်ဖို့ အရေးကြီးပါတယ်။
ဒီလို အရေးပါလှတဲ့ ရွေးကောက်ပွဲ ကာလတလျှောက်လုံးမှာ ဒီမိုကရေစီ လုပ်ငန်းစဉ်အပေါ် လူထုရဲ့ ယုံကြည်မှုကို ထိန်းထားဖို့ လိုအပ်သလို ဒီလုပ်ငန်းစဉ်ကနေ လာမယ့်ဧပြီလမှာ ပြည်သူလူထုရဲ့ဆန္ဒကိုထင်ဟပ်စေတဲ့ အစိုးရသစ်တရပ် ကူးပြောင်းပေါ်ထွန်းရေး အတွက်လည်း အရေးကြီးပါတယ်။ လာမယ့်လတွေအတွင်း အခြေအနေတွေကို ကျနော်တို့ အနီးကပ် ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။”
ပါတီဌာနချုပ်ရုံးမှာ လုံခြုံရေးအာဏာပိုင်တွေ ဝိုင်းဝန်းထားပြီး၊ ညနက်ပိုင်း အထိ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပြီး အပြောင်းအလဲတွေ ပေါ်ပေါက်ခဲ့တာပါ။
သူရဦးရွှေမန်းကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဒီကနေ့ နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာတော့ တစုံတရာ အတည်ပြု ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ပြည်ခိုင်ဖြိုးပါတီကတော့ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ ပါတီကို အင်အားစုစည်းနိုင်ဖို့ ရည်ရွယ်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့တာသာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ကြတာပါ။
မနေ့တုန်းကပဲ ပြည်ခိုင်ဖြိုးပါတီက ညီလာခံတရပ် ကျင်းပပြီး၊ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ယှဉ်ပြိုင်မယ့်သူတွေကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ညပိုင်းမှာပဲ ခေါင်းဆောင် ပိုင်း အပြောင်းအလဲတွေ ရုတ်တရက် ပေါ်ပေါက် ခဲ့တာလည်း ဖြစ်ပါတယ်။