မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့တွေ ပေးအပ်ရေး အမေရိကန် ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနေတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး တာဝန်ခံ သံအမတ်ကြီး လယ်ရီ ဒင်းဂါး (Larry Dinger) က ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ၊ တခြားသူတွေနဲ့လည်း အကူအညီပေးရေးကိစ္စ ဆွေးနွေးနေတဲ့အကြောင်း သံအမတ်ကြီးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AP သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတို့ ဒီတပတ်ထဲ ရန်ကုန်မြို့မှာ တနာရီခွဲလောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ အခုလို တွေ့ဆုံမှုတွေ လုပ်ဆောင်နေတာလို့ သံအမတ်ကြီးက ပြောဆိုတဲ့အကြောင်း သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။