သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အမေရိကန်စင်တာသစ် ခေတ်မီနည်းကျဖွင့်လှစ်သွားမည်


ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံမှာ လူငယ်ပညာတတ်တွေ မွေးထုတ်နိုင်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေရရှိလာစေဖို့ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆန္ဒတွေကို အမေရိကန်စင်တာသစ်ကနေ ကိုယ်စားပြု ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ပြောဆိုလိုက်ပါတယ်။

အပြည့်အစုံကိုတော့ ဒီနေ့ကျင်းပတဲ့ အမေရိကန်စင်တာ အဆောက်အဦး မြေနေရာသစ် ပန္နက်ရိုက်ပွဲအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်နဲ့ ရောက်ရှိစေလိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆန္ဒကို အလေးအနက် ဖော်ပြပေးနိုင်တာကတော့ အမေရိကန်စင်တာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန်စင်တာ နေရာသစ် ပန္နက်ရိုက်ပွဲ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
“အမေရိကန်စင်တာဟာ ပြောင်းလဲလာမယ့် ဒီမိုကရေစီနိုင်ငံအသစ်အတွက် လူ့အခွင့်အရေးတွေ ရရှိဖို့၊ ပညာတတ်နိုင်ငံသားတွေ မွေးထုတ်ဖို့ စတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို အကောင်းဆုံးဖော်ပြနိုင်တဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ အမေရိကန်စင်တာ ဖွင့်လှစ်ခြင်းဟာလည်း မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ မိတ်ဖက်အဖြစ် ကူညီဖို့အတွက် ကျွန်တော်တို့ နေ့စဉ်လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တွေထဲက တခုပါပဲ။”

အသစ်တည်ဆောက်မယ့် အမေရိကန်စင်တာမှာ ခေတ်မီနည်းပညာတွေ ထည့်သွင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ ပိုမိုဝင်ထွက် လေ့လာနိုင်ဖို့လည်း မျှော်လင့်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
“အဆင့်မြှင့်တင်တဲ့နေရာမှာတော့ Digitalize ခေတ်မီနည်းပညာတွေကို အသုံးပြုသွားမှာပါ။ လက်ရှိ အမေရိကန်စင်တာမှာတော့ ၂၀ ရာစု နည်းပညာတွေနဲ့ လည်ပတ်နေတာကြောင့် ဒီအမေရိကန်စင်တာ အသစ်မှာတော့ ၂၁ ရာစုထွက် နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားပါမယ်။ ဒါကြောင့် အမေရိကန်စင်တာအသစ်ကို ကျနော်တို့ အဆင့်မြှင့်တင်သွားမယ်၊ တိုးချဲ့သွားမယ်၊ ပိုပြီး ကြီးကျယ်တဲ့ အခမ်းအနားတွေ ကျင်းပနိုင်ဖို့၊ လေ့လာသူ အရေအတွက် ပိုများလာဖို့ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ ပိုပြီး ဝင်ရောက် လေ့လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။”

အမေရိကန်စင်တာ နေရာသစ်ဟာ အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ လက်ရှိ အမေရိကန်သံရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေတာကြောင့် ကိုင်တွယ်ရတာ ပိုပြီး အဆင်ပြေသွားမှာ ဖြစ်ပါတယ။၊ ရန်ကုန်တက္ကသိုလ်နဲ့လည်း နီးတာကြောင့် ကျောင်းသားတွေ လွယ်လွယ်ကူကူ လာနိုင်မယ်လို့လည်း သံအမတ်ကြီးက ဖြည့်စွက်ပါတယ်။

လက်ရှိ အမေရိကန်စင်တာမှာ သမားရိုးကျ နည်းလမ်းတွေ အသုံးပြုနေတဲ့အတွက် နည်းပညာပိုင်း မြှင့်တင်ဖို့လည်း သင်တန်းသားတွေက တောင်းဆိုကြတယ်လို့ စာကြည့်တိုက် ဒါရိုက်တာ ကိုကျော်ခိုင်က ပြောပါတယ်။ အမေရိကန်စင်တာအသစ် ဖွင့်လှစ်ဖြစ်တဲ့အကြောင်းကိုတော့ ကိုကျော်ခိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“အဓိကကတော့ space ပေါ့နော်။ ကျနော်တို့မှာ limited space ဖြစ်နေတယ်။ ဒီအဆောက်အဦးကလည်း တော်တော်ကြာနေပြီ။ နောက် ကျနော်တို့ ဒီ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကျနော်တို့ရဲ့ member အနေအထားတွေ၊ ဒီအမေရိကန်စင်တာရဲ့ collection အနေအထားတွေ တွေ့ရတယ်။ နောက် ဟိုဟာပေါ့ နည်းပညာပိုင်းတွေ နည်းပညာဆိုင်ရာ တိုးတက်လာတဲ့အတွက် ဒီအမေရိကန်စင်တာ အသစ်ကို လုပ်တာပါ။”

အသစ်ဖွင့်မယ် အမေရိကန်စင်တာကနေ အရေအတွက် ပိုများတဲ့ စာသင်ခန်းတွေ၊ ကလပ် အဖွဲ့အစည်းတွေ ပိုတိုးလာဖို့ မျှော်လင့်တယ်လို့ အမေရိကန်စင်တာ ကျောင်းသားရေးရာအဖွဲ့ ဥက္ကဌ မဝင့်ဝါက အခုလို ပြောပါတယ်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ အဲ့လို discussion club များများပေါ့။ အခု club တွေထက် ပိုပြီးတော့ AC မှာ club က အခုဆိုရင် ၉ ခု လောက်ပဲရှိတော့တယ်။ ဒီထက်မက club တွေ အခု ၂၀ လောက်အထိ ဖွင့်နိုင်ဖို့၊ ကျောင်းသားတွေများများ ရွေးနိုင်တာပေါ့။ အဲ့လိုမျိုးဖွင့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံမှာ အမေရိကန်စင်တာကို လွတ်လပ်ရေးရပြီးခါစ ၁၉၄၉ ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တာပါ။ ကမ္ဘာတဝန်းမှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်စင်တာပေါင်း ၇၀၀ ကျော်ထဲကမှ ရန်ကုန်မြို့မှာ ဖွင့်ထားတဲ့ အမေရိကန်စင်တာမှာ လာရောက် လေ့လာ ပညာသင်ကြားသူ အများဆုံးလည်း ဖြစ်ပါတယ်။
အသစ်တည်ဆောက်မယ့် အမေရိကန်စင်တာကို အမေရိကန် ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Enviro Management & Research, Inc က တာဝန်ယူတည်ဆောက်မှာဖြစ်ပြီး သူတို့ကို ပံ့ပိုးဖို့အတွက် ပြည်တွင်းကုမ္ပဏီတခုကိုလည်း မဲပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်စင်တာ အဆောက်အဦးသစ် တည်ဆောက်မယ့် ကာလကိုတော့ ၂၅ လ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG