သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အမေရိကန်သံရုံးတွင်းဖြစ်ရပ် ပေါက်ကွဲမှုမဟုတ်ကြောင်း ရဲတပ်ဖွဲ့ပြော


(မှတ်တမ်းဓာတ်ပုံ) ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် လုံခြုံရေးယူပေးနေသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ။
(မှတ်တမ်းဓာတ်ပုံ) ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် လုံခြုံရေးယူပေးနေသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ။

ရန်ကုန်မြို့ အမေရိကန်သံရုံးအတွင်းမှာ တနင်္ဂနွေနေ့ညပိုင်းက ပေါက်ကွဲမှုတခုဖြစ်တယ်ဆိုတဲ့သတင်းတွေ ထွက်လာပေမဲ့ အဲဒါ ဟာ ပေါက်ကွဲမှုမဟုတ်ဘဲ သံရုံးအတွင်းမှာ မျက်ရည်ယိုဗုံးကို စမ်းသပ် လေ့ကျင့်တာကနေ အပြင်ကို ဓာတ်ငွေ့ထွက်လာတာသာ ဖြစ်ပါတယ်လို့ ကမာရွတ်ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်စိုးသူက ဗွီအိုအေကိုပြောပါတယ်။ သံရုံးကဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် စိုးသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“ အဓိကတော့ သူတို့ စမ်းသပ်မှုလုပ်တာပါခင်ဗျ။ အမေရိကန်သံရုံးအနေအထားနဲ့လေ။ သူတို့ စမ်းသပ်မှုတခုလုပ်တယ်။ စမ်းသပ်မှုက ပထမဦးဆုံးအကြိမ်ပေါ့နော် မျက်ရည်ယိုဗုံးကို သူတို့စမ်းသပ်မှုလုပ်တာပေါ့နော်။ သူတို့အမေရိကန်သံရုံးဝန်း ဧရိယာအပိုင်းမှာပေါ့လေ။ အဲဒီစမ်းသပ်မှုလုပ်တာကနေပြီးတော့ ဂတ်စ်ကပေါ့နော် ဂတ်စ်ငွေ့ကနေပြီးတော့ ပတ်ဝန်းကျင်ကို လေနဲ့ တိုက်ခတ်သွားတာပေါ့နော်။ အဲဒီလေကိုရှုမိတဲ့လူတွေက မျက်ရည်လေးတွေ စပ်တာတွေ ဒါမျိုးခံစားရတာတွေရှိပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့အဲဒီတော့ ပေါက်ကွဲမှုက ဘယ်လောက်အထိ အသံကျယ်ကျယ်နဲ့ ဘယ်လောက်အထိ အပြင်းအထန်ဖြစ်တာပါလဲ ခင်ဗျ။

ဖြေ။ ။ ပေါက်ကွဲမှုကတော့ ကျနော်တို့ ရဲစခန်းတောင်မသိလိုက်ပါဘူးခင်ဗျ ပေါက်ကွဲမှုကလေ။ အဲဒီပတ်ဝန်းကျင်ကလည်း ဒီ ပေါက်ကွဲသံကို သူတို့က သဲသဲကွဲကွဲမကြားရဘူးခင်ဗျ။ ပေါက်ကွဲသံကို မကြားရဘူးခင်ဗျ။ ပေါက်ကွဲတာတော့ မရှိဘူးခင်ဗျ ။ခုနကပြောတဲ့ ဓါတ်ငွေ့ကနေပြီးတော့ ပတ်ဝန်းကျင်ကို အဲဒီအရှေ့ကဖြတ်သွားတဲ့ လမ်းသွားလမ်းလာတွေမှာ သူတို့ နည်းနည်းလေး မျက်ရည်စပ်တာတွေ ၊ မျက်ရည်ယိုတာတွေ ဒါမျိုးလေးတွေတော့ရှိတာပေါ့လေ။

မေး။ ။ ဖြစ်တာက ဘယ်အချိန်လောက်ကဖြစ်ပြီးတော့ ဆရာတို့က ဘယ်အချိန်လောက်မှာ သိပါသလဲခင်ဗျ။

ဖြေ။ ။ သူတို့က ၈ နာရီ ၁၀ မိနစ်လောက် မှာဖြစ်တာပေါ့လေ ။ ၈ နာရီ ၁၀ မိနစ်လောက် မှာ သူတို့စတင်တာပေါ့နော် ။ ပတ်ဝန်းကျင်ကနေပြီးတော့မှ သိရတာပေါ့နော် လေနဲ့ပါပြီးတော့မှ ဖြတ်သွားဖြတ်လာတွေကို။ အဲဒီတော့ ကျနော်တို့ ရဲစခန်းကိုအကြောင်းကြားတယ်။ ၈ နာရီ ၁၅ မိနစ်လောက် မှာ ကျနော်တို့ဒီကနေပြီးတော့ ကျနော်တို့တာဝန်ရှိတဲ့လူတွေ သွားပြီးတော့မှ စစ်ဆေးတာပေါ့လေ။ စစ်ဆေးတာမှာ ဒီလိုမျိုးတွေ့ရှိတာပေါ့။ အဲဒီတော့ သံအရာရှိတွေကလည်း ဒီလိုမျိုး သူတို့ကြောင့်မို့လို့ ဒီလိုဖြစ်တာပေါ့နော်။ သူတို့ကလည်း တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း သူတို့လည်း ဒီဟာနဲ့ ပတ်သက်ပြီး တာဝန်ယူပေးမယ်။ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါမယ် တရားဝင်ပေါ့နော်။ ဒီလိုမျိုး ကျနော်တို့ တာဝန်ရှိတဲ့လူတွေနဲ့ ညှိနှိုင်းမှုရပါတယ်ခင်ဗျ။

မေး။ ။ အခု နောက်ဆုံးအခြေအနေကရော ပြီးသွားပါပြီလား။ ရှင်းသွားပါပြီလား။

ဖြေ။ ။ ဟုတ်ကဲ့ ခနလေးပါပဲခင်ဗျ။ ဒီလိုမျိုး ၅ မိနစ်၊ ၁၀ မိနစ်အတွင်းမှာ သူတို့ ဒီလိုမျိုးဖြစ်သွားတာ။ ကျနော်တို့ အခုကတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီခင်ဗျ။ အန္တရာယ်တွေ အသက် အန္တရာယ်တွေလည်းမရှိပါဘူးခင်ဗျ။ စမ်းသပ်မှုလေးတခုလုပ်တာကနေ ဒီလိုမျိုးလေး ဖြစ်သွားတာပါပဲခင်ဗျ။

မေး။ ။ ဆရာတို့ တာဝန်ရှိတဲ့လူတွေအနေနဲ့ အဲဒီ ဓါတ်ငွေ့ထွက်တဲ့၊ ဂတ်စ်ထွက်တဲ့ ပစ္စည်းဟာ ဘာလဲဆိုတာရော ကိုယ်တိုင်တွေ့ခဲ့ရပါသလား။ အဲဒီပစ္စည်းက ဘာဖြစ်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အဖြေမပေးနိုင်ပါဘူးခင်ဗျ။ဒါပေမယ့်လို့ ခံစားရတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး မျက်လုံးစပ်တာမျိုးတွေ ဒါမျိုးဖြစ်စဉ်လေးတွေတော့ ဖြစ်သွားပါတယ်ခင်ဗျ။ ကြီးကြီးမားမား အသက် အန္တရာယ်စိုးရိမ်ရလောက်တာတော့မရှိပါဘူးခင်ဗျ။

မေး။ ။ သံရုံးဘက်ကရော သူတို့ဘာကိုစမ်းသပ်တယ်ဆိုတာ တိတိကျကျပြောပါသလားခင်ဗျ။

ဖြေ။ ။သူကတော့ ဒီလိုဗျ တခုခုပေါ့နော် ဒီသံရုံးကို အနှောက်အယှက်တွေပေးတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်၊ လူအုံကြွပြီးတော့ ဖြစ်ခဲ့မယ်ဆိုရင် ၊ သူတို့အသက် အန္တရာယ်တွေစိုးရိမ်ရတဲ့ အနေအထားဖြစ်ခဲ့လို့ရှိရင် သူတို့က ဒီလို မျက်ရည်ယိုတွေကိုအသုံးပြုမယ်ဆိုတာမျိုးလုပ်ပါတယ်ခင်ဗျ။

မေး။ ။ ဒါဟာ သံရုံးက မျက်ရည်ယိုဗုံးစမ်းသပ်လေ့ကျင့်လုပ်တာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ ဒါဟာ ပထမဆုံးအကြိမ် ပြုလုပ်စမ်းသပ်ခြင်းဖြစ်ပါတယ်။ နောက်နောင်တော့မပြုလုပ်တော့ပါဘူးလို့တော့ သူတို့ကတော့ပြောတယ်။

မေး။ ။ ဆိုတော့ အဲဒီလိုမျိုး သံရုံးက မျက်ရည်ယိုဗုံး စမ်းသပ်တယ်ပေါ့၊ လေ့ကျင့်တယ်ပေါ့။ ဆိုတော့ အဲဒီဟာမျိုးကိုမလုပ်ခင်မှာကော ဆရာတို့ ရဲစခန်းကိုသော်လည်းကောင်း၊ ဆရာတို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေကိုရော ကြိုပြီးတော့ အသိပေး၊ အကြောင်းကြားခဲ့တာကော ရှိပါသလားခင်ဗျ။

ဖြေ။ ။ မရှိဘူးခင်ဗျ။ ကျနော်တို့ဆီကို ဒီလိုမျိုးလုပ်တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို ဆက်သွယ်အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။

မေး။ ။ ဆိုတော့ ဆရာတို့ ဒီကိစ္စက ဆရာတို့အနေနဲ့ကော တခြားအရေးယူဆောင်ရွက်ဖို့၊ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းပိုင်းကရော လုပ်ဆောင်ရမယ့်ဟာမျိုး ဒါမျိုးတွေကော ရှိလာနိုင်ပါသလားခင်ဗျ။

ဖြေ။ ။ ကျနော်တို့ကတော့ဒီ အထက်က အဆင့်ဆင့်ကို တင်ပြထားတဲ့အတွက်ပေါ့နော်။ အထက်က အစိုးရအဖွဲ့ရဲ့ အမိန့်အတိုင်းပဲပေါ့နော် ကျနော်တို့ကတော့ လောလောဆယ်တော့ အရေးယူဆောင်ရွက်တာမျိုးမရှိပါဘူး။

မေး။ ။ ဒါမျိုးဖြစ်စဉ်မျိုးအရင်က တခြားသံရုံးတွေ ၊ တခြားအဖွဲ့အစည်းတွေနဲ့ကော ဖြစ်ခဲ့ဖူးတာ ရှိပါသလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့မရှိခဲ့ဘူးခင်ဗျ။ တခြားဒါမျိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မတွေ့ရပါဘူးခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ပါဆရာ တခြားထူးထူးခြားခြား ဘာများ ထပ်ပြောစရာရှိပါသေးသလဲ ခင်ဗျ။

ဖြေ။ ။ ထူးခြားတာကတော့ ဒီလိုစမ်းသပ်မှုတွေလုပ်ခဲ့တာကနေပြီးတော့ အခုလိုမျိုး လေတိုက်ပြီးတော့ ပါသွားခဲ့တယ် လူတွေအနှောက်အယှက်နည်းနည်းလေးဖြစ်သွားတာပေါ့နော် ။ အဲဒါကြောင့်မို့လို့ သူကလည်း တရားဝင်တောင်းပန်မှာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကတော့ ဘာမှ လောလောဆယ် အရေးယူဆောင်ရွက်ဖို့တော့ မရှိသေးပါဘူးခင်ဗျ။”

သံရုံးကဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် စိုးသူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ခဲ့တာပါ။

နောက်ဆုံးသိထားတဲ့သတင်းအရ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်သံရုံးက သတင်းစာရှင်းပွဲ လုပ်ပြီး ရှင်းလင်းပြောဆိုဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG