သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူမှုအဖွဲ့အစည်းတွေ အတွက် ကန်သံရုံး အကူအညီပေး


 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell

ရွေးကောက်ပွဲပညာပေးအဖွဲ့အစည်း၊ အမျိုးသမီးရေး လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းတွေနဲ့ အခြား လူ့အခွင့်အရေးဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်း ၁၁ ဖွဲ့ကို ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အသေးစား ကူညီထောက်ပံ့ငွေ အစီအစဉ် ကနေ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒီကနေ့ ကျင်းပတဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်း က ပြောပြပေးမှာပါ။

ဒီမိုကရေစီစနစ် တိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်နိုင်ရေး အတွက် ရွေးကောက်ပွဲ ပညာပေးအဖွဲ့အစည်း၊ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ အခြားလူ့အခွင့်အရေးဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့ကို အမေရိကန်သံရုံးကနေ အသေးစား ကူညီထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဒီကနေ့ မေလ ၇ ရက်နေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပခဲ့ ပါတယ်။

အသေးစားကူညီထောက်ပံ့ငွေ အစီအစဉ်ဟာ လူထုအခြေပြုအဖွဲ့အစည်းများရဲ့ ညှိနှိုင်းဆောင်ရွက်မှု၊ ကွန်ယက်ဖြန့်ကျက်ပေးခြင်း စွမ်းရည်တွေကို အားဖြည့်ပေးဖို့နဲ့ ပဋိပက ္ခအဖြေရှာခြင်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးဖို့ ကူညီပေးတာလည်းဖြစ်ပါတယ်။

ထောက်ပံ့ငွေရရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ People for People အဖွဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပရေးအတွက် အသုံးချသွားမှာဖြစ်တယ်လို့ အဖွဲ့ဝင် ကိုကြည်မင်းသူက ပြောပါတယ်။ သတင်းအချက်အလက်ဖြန့်ဝေရေးထက် ပညာပေးရေးကို ဦးစားပေးထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေဟာ ၅ ရက်တာ ကြာမြင့်မှာဖြစ်ပြီး သင်ကြားသွားမယ့် အကြောင်းအရာတွေကို အခုလို ရှင်းပြပါတယ်။

" ကျနော်တို့ သင်တန်းက Just knowledge မဟုတ်ပဲနဲ့ တကယ့်ကို လက်တွေ့ပိုင်း ပါအောင် ကျနော်တို့က အဲ့တာကို ကိုင်ထားပါတယ်။ ဥပမာ ကျနော်တို့ ငါးရက်ဆိုရင် ပထမ နှစ်ရက်ပိုင်းမှာ ကျနော်တို့ဟာ နိုင်ငံသားတယောက်အနေနဲ့ သိသင့် သိထိုက်တဲ့ ပြည်သူ့နီတိပေါ့။ Civic Education ပေါ့။ အဲ့တာကို အဓိက ထားပေးပါမယ်။ "

တနင်္သာရီတိုင်းဒေသကြီးဟာ အရပ်ဖက်အဖွဲ့အစည်းတွေအပါအဝင် လူသူအရောက် အပေါက်နည်းတာကြောင့် ရွေးချယ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Colorful girls အမျိုးသမီး အဖွဲ့အစည်းကလည်း မီဒီယာကဏ္ဍမှာ အမျိုးသမီးတွေ အတွက် သီးသန့် ရည်ရွယ်တဲ့ အစီအစဉ်တွေ၊ စာအုပ်ထုတ်ဝေခြင်းတွေ အတွက် ထောက်ပံ့ငွေကို အသုံးပြုသွားမယ်လို့ လုပ်ငန်းညှိင်းဆောင်ရွက်သူ နမ့်သဇင်မင်းက အခုလို ပြောပါတယ်။

" မိန်းကလေးတွေရဲ့ အခွင့်အရေးက ဘာတွေလဲ မိန်းကလေးတွေရဲ့ အခွင့်အလမ်းက ဘာတွေ ဆွဲဆောင်နိုင်မလဲ။ မိန်းကလေးတွေ ဘယ်လို ဦးဆောင်နိုင်မလဲ ဆိုတဲ့ ဒီမီဒီယာပိုင်း မရှိတဲ့အတွက် မိန်းကလေးတွေ ကိုယ်တိုင် အမတို့ ပရိုဂျက်ထဲမှာ ရှိတဲ့ မိန်းကလေးတွေကိုယ်တိုင် စာရေးပြီးတော့ သူတို့ကိုယ်တိုင် တကယ် ဆောင်းပါးတွေ ရေးပြီးတော့ သူတို့ကိုယ်တိုင် မီဒီယာ ဂျာနယ် သတင်းစာဖြစ်ဖြစ်ပေါ့နော် စာအုပ်တွေ ထွက်လာဖို့ အမတို့က ရည်ရွယ်ပြီးတော့ ဒီ Grants ကို လျှောက်ထားရခြင်းဖြစ်တယ်။ ဒါကလည်း မိန်းကလေးတွေဆီပဲ အမတို့ ပြန်သွားမှာဖြစ်တယ်ပေါ့နော်။ Gender Equality မိန်းကလေးတွေရဲ့ အခွင့်အရေးတွေက ဘာတွေလဲဆိုတာ မိန်းကလေးတွေ ကိုယ်တိုင် ရေးပြီးတော့ သူတို့ရဲ့ခံစားနေရတဲ့ ဒီ Stories လေးတွေကိုပေါ့နော်။ ဖော်ပြတဲ့စာအုပ်လေးတွေကို ထုတ်ဖို့ အမတို့က ရည်ရွယ်ထားတဲ့အတွက် ဒီပရိုဂျက်က မိန်းကလေးတွေအတွက် အသုံးပြုမှာပါ။"

ဒီအသေးစား ကူညီထောက်ပံ့ငွေကို လျှောက်ထားတဲ့ လူထုအခြေပြုအဖွဲ့ပေါင်း ၆၀ထဲက ၁၁ဖွဲ့ကို ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ထောက်ပံ့ငွေရရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေထဲမှာ Thamadi Foundation and Chin Agency, Democracy for Ethnic Minorities Organization, Peace & Justice Myanmar အဖွဲ့၊ တအောင်း အမျိုးသမီး အဖွဲ့အစည်း၊ တောင်သူလယ်သမားအဖွဲ့အစည်းနဲ့ ပညာရေးဖောင်ဒေးရှင်း အချို့ပါဝင်ပါတယ်။ ဒီ ၁၁ ဖွဲ့အနက် ၆ ဖွဲ့ ကတော့ ရွေးကောက်ပွဲ ဆိုင်ရာနဲ့ ဆန္ဒမဲပေးရေး ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံအတွက် လူထု အခြေပြုအဖွဲ့အစည်းတွေဟာ အရေးကြီးတယ်လို့ အခုလို သုံးသပ်ပါတယ်။

"ဒီနေ့ ထောက်ပံ့ငွေလာရောက် လက်ခံတဲ့ အဖွဲ့အစည်းတွေကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံရဲ့ရှေ့ရေးကို ကျွန်တော်တို့ မှန်းဆလို့ရပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေက ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့၊ ဒီမိုကရေစီစနစ် အားကောင်း လာဖို့ဆိုရင် ပြည်သူတွေရဲ့ရှေ့ကနေ သင်တန်းပေးတာ၊ ပညာပေးတာတွေ လုပ်နေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို မြှင့်တင်ပေးဖို့လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။"

ဒီကနေ့ ပေးအပ်တဲ့ ထောက်ပံ့ငွေ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂ သိန်းနီး ပါးဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ စီမံကိန်းအခြေအနေတွေကိုလိုက်ပြီး အနည်းဆုံး ၆လကနေ အများဆုံး ၂ နှစ်စာ ခန့်မှန်းပြီး ပေးထားတာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ စတင်ခဲ့တဲ့ အမေရိကန်သံရုံး အသေးစား ကူညီထောက်ပံ့ငွေ အစီအစဉ်ကနေ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ခွဲဝေပေးအပ်ပြီးဖြစ်ပါတယ်။

XS
SM
MD
LG