သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ရွှေကျောင်းတော် ပြုပြင်ရေး အခမ်းအနားနှင့် စတင်


ရှေးခေတ်မင်းတုန်းမင်းလက်ထက် သစ်သားပန်းပုနဲ့ အနုစိတ်ကနုတ် လက်ရာတွေ ရှိရာ မန္တလေးမြို့က သမိုင်း ဝင် ရွှေနန်းတော်ကျောင်း ခေါ် ရွှေကျောင်းကြီး ရှေးမူလက်ရာ မပျက် ပြုပြင် ထိန်းသိမ်းဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံး၊ မြန်မာ့ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး NGO အဖွဲ့တခုဖြစ်တဲ့ World Monuments Fund အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အခမ်းအနားနဲ့ စတင်ဖွင့်လှစ် လိုက်ပါတယ်။

ဒီအစီအစဉ်အရ ရှေးခေတ် အနုစိတ် ပန်းပုလက်ရာတွေနဲ့ သစ်သားထည်သက်သက် တည်ဆောက်ထားတဲ့ ရွှေကျောင်းကြီး ကို ရှေးလက်ရာမပျက် ထိန်းသိမ်း စောင့်ရှောက် သွားနိုင်အောင် လာမယ့် ၂ နှစ်တွင်း မြန်မာနိုင်ငံက ဒေသခံ လက်မှု ပညာရှင်တွေနဲ့ အစိုးရပိုင်းက ပညာရှင်တွေကို အမေရိကန် ပြည်ထောင်စုက ကျွမ်းကျင်ပညာရှင်တွေက နည်းပညာ အကူအညီတွေနဲ့အတူ သင်တန်းတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ် စတင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနလက်အောက် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ AFCP က အကြမ်းဖျင်း ဒေါ်လာ ၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာတရားတွေကို အမေရိကန်သံရုံးရဲ့ အလေးထား တန်ဖိုးထားတယ်ဆိုတဲ့အချက်ကို ထင်ဟပ်စေမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရန်ကုန် အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ကြွယ်ဝမှုတွေကို မီးမှောင်းထိုးပြရာ ရောက်ပြီး ဒီ ယဉ်ကျေးမှုအမွေအနှစ်တွေထဲမှာ အဓိကကျတဲ့ ရွှေကျောင်းကြီးကို ထိန်းသိမ်း စောင့်ရှောက်သွားဖို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ခွင့်ရတာဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ ကဏ္ဍသစ် တခု ဖွင့်လစ်နိုင်ခြင်း ဖြစ်တယ်လို့လည်း ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် က ပြောသွားခဲ့ပါတယ်။

မင်းတုန်းမင်းကြီးလက်ထက် ကတည်းက စတင် ဆောက်လုပ်ခဲ့ပြီး မြန်မာ ဘုရင် နောက်ဆုံးမင်းဆက် သီပေါလက်ထက်မှာ အပြီးသတ် ဆောက်လုပ်ခဲ့တဲ့ ရွှေကျောင်းကြီးဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်ပြီး ခရီသွား နေ့စဉ် ဧည့်သည်တွေ အများအပြား လာရောက် ကြည့်ရှုလည်ပတ်ကြတဲ့ နေရာတခု ဖြစ်ပါတယ်။
XS
SM
MD
LG