သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အုပ်စုလိုက် အခြေချခွင့် အမေရိကန် ရပ်လိုက်


ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည်များ
ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည်များ
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို မိသားစု ပြန်လည်ပေါင်းစည်းမှု အခြေအနေမျိုးကလွဲလို့ အမေရိကန်ပြည်ထောင်စုမှာ အုပ်စုလိုက် အခြေချနေထိုင်ခွင့်ပြုတဲ့ အစီအစဉ် တရားဝင် အဆုံးသတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ အခုလို အဆုံးသတ်လိုက်တဲ့အတွက် တတိယနိုင်ငံတွေမှာ ရွှေ့ပြောင်း အခြေချလိုကြတဲ့ မြန်မာဒုက္ခသည်တွေ အတွက် ဘယ်လို သက်ရောက်မှုတွေ ဖြစ်နိုင်ပါလဲ။ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေကြသူတွေ ကရော ဘယ်လိုအမြင်ရှိလဲ ဆိုတာကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘဝသစ်ထူထောင်ပြီး အခြေချနေထိုင်လိုတဲ့ မြန်မာ ဒုက္ခသည်တွေကို အမေရိကန်အစိုးရက ခေါ်ယူတဲ့ အစီအစဉ်ကို ဒီလ ၂၄ ရက်နေ့က နောက်ဆုံးထား ရပ်ဆိုင်းလိုက်ပေမဲ့လို့၊ ဒီရက်မတိုင်ခင် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဖို့ စာရင်း တင်ထားပြီးသားလူတွေကို ခေါ်ယူတာတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တတိယနိုင်ငံတွေကို ထွက်ခွာခွင့်ရှိတဲ့၊ ဒုက္ခသည်အဖြစ် တရားဝင် စာရင်းပေါက်ထားသူတွေ အနေနဲ့ တတိယနိုင်ငံတွေကို ထွက်ခွာချင်စိတ် ရှိမရှိ ဆုံးဖြတ်ပြီး အကြောင်းပြန်ဖို့ သုံးလ အချိန်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ဒုက္ခသည်တွေဘက်က တတိယနိုင်ငံကို ထွက်ခွာချင်ကြောင်း စိတ်ဝင်စားမှုပြပြီး စာရင်းပေးလာသူ မရှိသလောက် နည်းပါးသွားတဲ့အတွက် ဒီအစီအစဉ် အဆုံးသတ်သွားတာ ဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ TBBC Thai Burma Border Consortium အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေထဲမှာ ဒုက္ခသည်အဖြစ် တရားဝင် စာရင်းမဝင်တဲ့သူဟာ ဒုက္ခသည်စုစုပေါင်းရဲ့ ၄၈ ရာခိုင်နှုန်း လောက် ရှိပြီး၊ ဒီလူတွေ အတွက်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်အစီအစဉ် အဆုံးသတ်မှုက ဘယ်လို သက်ရောက်မှုမှ မရှိနိုင်ဘူးလို့ Sally Thompson က ပြောပါတယ်။

“ဒုက္ခသည်စခန်းရဲ့ အစီအစဉ်အရဆိုရင် ဒုက္ခသည်အဖြစ် တရားဝင် စာရင်းသွင်းခွင့် မရကြသူတွေဟာ အမေရိကန်ပြည်ထောင်စု မှမဟုတ်ပါဘူး၊ ဘယ် တတိယနိုင်ငံကိုမှ သွားရောက် အခြေချခွင့် မရှိပါဘူး။ ဆိုတော့ ဒီလို ဒုက္ခသည်စာရင်း မပေါက်သူတွေ အတွက်တော့ အခု အမေရိကန်ပြည်ထောင်စုရဲ့ အုပ်စုလိုက် အခြေချနေထိုင်ခွင့် အစီအစဉ် အဆုံးသတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သက်ရောက်မှု မရှိသလောက်ပါပဲ။ တရားဝင် ဒုက္ခသည် စာရင်းဝင်သူတွေဘက်ကလည်း သူတို့အနေနဲ့ တတိယနိုင်ငံတွေကို ထွက်ခွာချင်တယ် ဆိုတာကို ပြသမှု နည်းလာတာကြောင့် အမေရိကန်အစိုးရက မြန်မာဒုက္ခသည်တွေ ခေါ်ယူတဲ့ အစီအစဉ် အဆုံးသတ်လိုက်တာဟာ ဒုက္ခသည် အများစု အတွက်တော့ သက်ရောက်မှု ဘာမှ မရှိလှပါဘူး။”

ဒါပေမဲ့ ဒုက္ခသည်တွေ အနေနဲ့ကတော့ အမေရိကန်ဘက်က မြန်မာ ဒုက္ခသည်တွေကို ခေါ်ယူတဲ့အစီအစဉ် အဆုံးသတ်လိုက်တဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ကြတာတွေ ရှိတယ်လို့ အုန်းဖျံ ဒုက္ခသည်စခန်း တာဝန်ခံဥက္ကဋ္ဌ ကိုစောဝါးထီးက ပြောပါတယ်။

" ကမ္ဘာပေါ်မှာကလည်း အခုဒီဒုက္ခသည်နဲ့ပတ်သက်ပြီး ခေါ်တာက အမေရိကန်နိုင်ငံက အများဆုံးပဲလေနော်။ ကျန်တဲ့နိုင်ငံတွေ က ခေါ်တော့ခေါ်ပါတယ် ဒါပေမဲ့ နည်းတာပေါ့။ ဆိုတော့ အဲ့လိုမျိုး ထွက်လာတဲ့အပေါ် တတိယနိုင်ငံ ထွက်ချင်တဲ့သူတွေအနေနဲ့ ခံစားချက် မကောင်းကြဘူးပေါ့။ ဒုက္ခသည်တွေရဲ့ ဘဝကလည်း ဘယ်လိုပြောမလဲ။ ကိုယ့်ဆန္ဒအတိုင်း ကိုယ်ဖော်ထုတ်နိုင်ရင်လည်းပဲ အမှားအယွင်း လုပ်တာ ဖြစ်သွားမလား။ ကိုယ့်ဆန္ဒကိုလည်း ကိုယ်မဖော်ထုတ်ရတဲ့အခါကျတော့ ရင်ထဲမှာ တငွေ့ငွေ့ ဒီလိုပဲ မျှော်ထားတာ့လည်းပဲ လောကကြီးမှာ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိသလိုလို အဲ့သလိုဆိုတော့ ခံစားတဲ့သူတွေကတော့ အများကြီးရှိတာပေါ့။"

လက်ရှိ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ မြန်မာဒုက္ခသည် ၁ သိန်း ၂ သောင်းလောက် ရှိပြီး ဒီအထဲက ၄ သောင်းလောက်ဟာ ဒုက္ခသည်အဖြစ် တရားဝင် စာရင်းသွင်း မခံရတဲ့သူတွေဖြစ်ပါတယ်။ ဒုက္ခသည် အများစုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကရင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြရတဲ့ ကရင် တိုင်းရင်းသားတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၉ နှစ်တာကာလအတွင်း အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူ မြန်မာဒုက္ခသည် ၇ သောင်း ၃ ထောင် ရှိတဲ့အပြင်၊ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ အခြေချနေထိုင်သူ ၁ သောင်း ၉ ထောင် ရှိခဲ့တဲ့အကြောင်းလည်း ကုလသမဂ္ဂ က ပြောပါတယ်။
XS
SM
MD
LG