သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ ပြင်


အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ ပြင်
အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ ပြင်

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ မစ္စတာ မစ်ချဲလ် သွားရောက်တဲ့အခါ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကိစ္စ အပါအဝင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုဖို့ နိုင်ငံရေးပါတီ တချို့က မျှော်လင့်နေပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ ပထမဆုံး မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို မကြာခင်မှာ သွားရောက်နိုင်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆိုခဲ့တာပါ။

“သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် ဒီတပတ်ကစပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပထမဆုံး မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါပြီ။ သူဟာ အမေရိကန် အစိုးရအတွက် မြန်မာနိုင်ငံနဲ့ တခြား သက်ဆိုင်ရာ နိုင်ငံတွေကို ဆက်သွယ်ရာမှာ အဓိက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခွင့်အလမ်း သာတာနဲ့ အစောဆုံး မြန်မာနိုင်ငံကို သွားမှာပါ။ သူ ဘယ်တော့လောက် သွားနိုင်မယ် ဆိုတာကိုလည်း မကြာခင်ရက်တွေမှာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။”

မစ္စတာ မစ်ချဲလ်ဟာ တရုတ်ရေးရာ ကျွမ်းကျင်သူဖြစ်ပြီး အရင်က ကာကွယ်ရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်တာကြောင့် အာရှဒေသ အတွေ့အကြုံ ကောင်းကောင်းရှိသူတဦး ဖြစ်ပါတယ်။ သူ့ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ဒီရာထူးအတွက် အဆိုတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကနေ အခုလဆန်းမှာ အတည်ပြုခဲ့တာပါ။

အမေရိကန်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတွေအတွက် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှု မူဝါဒကို ကျင့်သုံးသလို တပြိုင်တည်းမှာပဲ ထိတွေ့ဆက်ဆံရေး မူဝါဒကိုလည်း လက်တွေ့ လုပ်ဆောင်နေတာပါ။ မကြာသေးခင်က မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းမှုတချို့ ရှိခဲ့တဲ့ အပေါ်မှာတော့ အမေရိကန်က ကြိုဆိုခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ တာဝန်ရှိသူတွေနဲ့ ပွင့်လင်းပြီး မြင်သာမှုရှိတဲ့ ဆွေးနွေးမှုတွေကို ဆောင်ရွက်နိုင်စွမ်း ရှိတာကို ကျမတို့ အားပေးပါတယ်။ သူ သွားနိုင်လာနိုင်တာ၊ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တာတွေကို အားပေးပြီး ဒီအတိုင်းပဲ ဆက်လုပ်သွားမယ်လို့လည်း မျှော်လင့်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်း ပြောပြသွားတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံအပေါ် အဲဒီလို နှစ်လမ်းသွား မူဝါဒ ကျင့်သုံးနေတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မချင်း အရေးယူ ဒဏ်ခတ်မှုတွေ မရုပ်သိမ်းသင့်သေးဘူးလို့ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလို ပြောဆိုခဲ့ပါတယ်။

“သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒ အတိုင်းပါပဲဗျာ။ တဘက်က Sanction၊ တဘက်က Engagement၊ ဒီ Engagement ကို ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ကျနော်တို့ တိုက်တွန်းဖို့ပဲ ရှိမှာပါ။ Sanction နဲ့ ပတ်သက်ရင်လည်း သက်ဆိုင်ရာ နိုင်ငံတွေက ဘာကြောင့် Sanction ချသလဲ၊ အဲဒီ ချခဲ့တဲ့ ဘာကြောင့်ဆိုတဲ့ ဟာတွေကရော ပြည့်သွားပြီလား၊ ဒီအပေါ်မှာ တည်ပါလိမ့်မယ်။ အမှန်တကယ် ပြောင်းလဲလာရင်တော့ ရုပ်သိမ်းကြရမှာပေါ့။ အမှန်တကယ် ပြောင်းလဲခြင်း ရှိမရှိဆိုတာ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ထင်ပါတယ်။”

ဒါပေမဲ့လို့လည်း အဲ့ဒီလို ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုနေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုကတော့ အခြေအနေတွေဟာ အရင်လို မဟုတ်ဘဲ တစုံတရာ တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသင့်ပြီလို့ မစ္စတာ မစ်ချဲလ် ရောက်လာတဲ့အခါ ပြောဆိုမှာ ဖြစ်တဲ့အကြောင်း ပါတီ ပြောခွင့်ရသူ ဦးခင်မောင်ဆွေက ပြောဆိုပါတယ်။

“အခြေအနေက ပြောင်းသွားပြီလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတနဲ့တောင်မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေ ရောက်သွားပြီဆိုတော့ အပြောင်းအလဲ တခုဆီ ဦးတည်နေတဲ့အခါ Sanction ကို ရုပ်သိမ်းခြင်းအားဖြင့် ကောင်းတဲ့ဘက်ကို တွန်းအားပေးရာ ရောက်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒါနဲ့ တဆက်တည်းမှာပဲ လွှတ်တော်ထဲမှာ စီးပွားရေး ဥပဒေတွေကို စီးပွားရေး Mismanagement တွေ လျော့ပါးသွားအောင်၊ ပျောက်ကွယ်သွားအောင် Cronyism တွေ လျော့ကျသွားအောင်၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ မရှိတော့အောင် ဆောင်ရွက်မယ့်ဟာတွေ ရှိနေပြီမို့ တဘက်ကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တော်ပြီလို့ ကျနော် ပြောမှာပါပဲ။”

ပြီးခဲ့တဲ့တပတ် သြဂုတ်လ ၁၇ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ (John Kerry) ရဲ့ အကြံပေးအရာရှိ အက်ဒ်မန် ထရီဘာတီဟာလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး NLD အပါအဝင် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ပါတီ ၈ ခုက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ အစိုးရသစ်နဲ့ ပတ်သက်တဲ့ သဘောထားတွေကို မေးမြန်းခဲ့ဖူးပါတယ်။

XS
SM
MD
LG