သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှ အမေရိကန် တပ်ဖွဲ့တွေ ရုပ်ပြီး ဥရောပ တပ်ဖွဲ့တွေ ရုပ်မည်


အာဖဂန်မှ အမေရိကန် တပ်ဖွဲ့တွေ ရုပ်ပြီး ဥရောပ တပ်ဖွဲ့တွေ ရုပ်မည်

အာဖဂန် စစ်မျက်နှာကနေ တပ်တွေ ရုပ်သိမ်းသွားမယ့် အမေရိကန်ရဲ့ အစီအစဉ်လိုပဲ ဗြိတိန်၊ ဂျာမဏီနဲ့ ပြင်သစ်တို့ကလည်း အလားတူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ကြပါတယ်။

ရှေ့လာမယ့် ၁၄ လအတွင်း အာဖဂန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ အနက်က ၃၃,၀၀၀ ပြန်လည်ရုပ်သိမ်းမယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဗုဒ္ဓဟူးနေ့မှာ ကြေညာအပြီး နောက်တရက်မှာပဲ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ လုပ်ငန်းတွေကို အဆုံးသတ်မယ့်အကြောင်း ဥရောပ မဟာမိတ် ၃ နိုင်ငံက ကြေညာလိုက်ကြတာပါ။

အမေရိကန်နဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ဦးဆောင်တဲ့ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ဥရောပ မဟာမိတ် ၃ နိုင်ငံက အာဖဂန်မှာ တပ်တချို့ကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး အာဖဂန်မှာ စစ်ရေးအရ ပါဝင်နေတာတွေ အဆုံးသတ်မယ့်အကြောင်း အတည်ပြုချက်ကို ရုပ်မြင်သံကြားကတဆင့် မပြောခင်မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) သမ္မတ အိုဘားမားနဲ့ ဆွေးနွေးခဲ့တာပါ။

အာဖဂန်မှာ ဒုတိယ တပ်ဖွဲ့ဝင် အများဆုံးအဖြစ် ဗြိတိန်နိုင်ငံက စစ်သား ၉,၅၀၀ စေလွှတ်ထားတာ ဖြစ်ပါတယ်။

ဂျာမန် နိုင်ငံခြားရေး ၀န်ကြီးကလည်း သူ့နိုင်ငံက စေလွှတ်ထားတဲ့ တပ်ဖွဲ့ဝင် ၅,၀၀၀ လောက်ကို ဒီနှစ်ကုန် နောက်ဆုံးထား လျှော့ချမယ့်အကြောင်း ပြောဆိုခဲ့တာပါ။

အလားတူ အာဖဂန်မှာ တပ်ဖွဲ့ဝင် ၄,၀၀၀ လောက် ရှိနေတဲ့ ပြင်သစ်နိုင်ငံကလည်း တပ်တွေ လျှော့ချမယ့်အကြောင်း သမ္မတ နိကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG