သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US နဲ့ EU ရုရှားကို ဒဏ်ခတ်မှုသစ် ချမှတ်


ရုရှားပိုင် ရေနံကုမ္ပဏီ Rosneft

ယူကရိန်းနိုင်ငံနဲ့ပတ်သက်လို့ ရုရှားရဲ့ လုပ်ဆောင်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ ဥရောပသမဂ္ဂတို့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ချမှတ်တဲ့ ပိတ်ဆို့မှုတွေဟာ သောကြာနေ့ကစ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ လောင်စာစွမ်းအင်၊ ဘဏ္ဍာငွေကြေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် တိုးချဲ့ ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုအသစ်ချမှတ်ခံရတဲ့ ကုမ္ပဏီတွေကတော့ Gazprom လို့ခေါ်တဲ့ ရုရှားအစိုးရပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ၊ Gazprom Neft ၊ The Rosneft ၊ Lukoil နဲ့ Surgutneftegaz ရေနံကုမ္ပဏီတွေနဲ့ ရုရှား ရေနံပိုက်လိုင်း လုပ်ငန်းတွေကို ၀န်ဆောင်ပေးမှုပေးနေတဲ့ Transneft တို့ ပါဝင်ပါတယ်။

အမေရိကန်က အသစ်ချမှတ်တဲ့ ပိတ်ဆို့မှုတွေထဲမှာ ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီ ၅ ခုနဲ့ လက်နက် နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီ Rostec တို့အပြင် ရုရှားနိုင်ငံက အကြီးဆုံးဘဏ်ဖြစ်တဲ့ Sberbank တို့လည်း ပါဝင်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာ အီးယူက ဒဏ်ခတ် အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ်တွေထဲ ယူကရိန်းနိုင်ငံက ရုရှားလိုလားတဲ့ ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင်တွေ၊ ထိပ်သီး ရုရှား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပါတယ်။ အဲဒီ လူပုဂ္ဂိုလ်တွေထဲမှာ သမ္မတ Vladimir Putin နဲ့ ရင်းနှီးတဲ့ မိတ်ဆွေလည်းဖြစ်၊ Rostec ကုမ္ပဏီ အကြီးအကဲလည်းဖြစ်တဲ့ Sergei Chemezov နဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ Vladimir Zhirinovsky တို့လည်း ပါဝင်ပါတယ်။

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးစည်းဝေးပွဲမှာ အီးယူခေါင်းဆောင်တွေက သဘောတူခဲ့ကြပေမယ့် သောကြာနေ့က ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ခိုင်မာမှု ရှိမရှိ စောင့်ကြည့်ချင်သေးတဲ့အတွက် အချိန်ထိ စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG