သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ အမေရိကန်ရဲ့ မျှော်လင့်ချက်


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns
မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း ပေါ်ပေါက်လာတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေအပေါ် အားရ ကျေနပ်မှု ရှိပေမဲ့ တချိန်တည်းမှာပဲ စိုးရိမ်စရာ ပြဿနာတွေ တွေ့နေရတုန်းပဲလို့ အမေရိကန် ထိပ်တန်း သံတမန်တဦးက ပြောလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်က သြဇာချိန်ခွင်လျှာ ပြောင်းလဲ အာရုံစိုက်ဖို့ ရည်ရွယ်ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ နယူးယောက်မြို့က Asia Society Policy Institute မှာ အင်္ဂါနေ့က မိန့်ခွန်းပြောရာမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns က မြန်မာနိုင်ငံက အခြေအနေတွေကို ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေဖို့ မြန်မာအစိုးရက သန္နိဌာန်ချ ဆောင်ရွက် နေတာတွေဟာ အားရစရာ ဆိုပေမဲ့လည်း ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေမှာ အနှောက်အယှက်တွေ ကြုံနေရတာတွေဟာ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း ဝန်ကြီး Burns ကသတိပေးခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွက် ရေရှည်အောင်မြင်မှုတွေ ရရှိစေဖို့၊ မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေနဲ့ ဒေသတွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားနိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တခြားဒီမိုကရေစီ တိုင်းပြည်တွေနဲ့ လက်တွဲပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆက်လက် အားပေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ မြောက်ကိုရီးယား အနေနဲ့လည်း သံတမန်ရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ လမ်းဖွင့်ထားဆဲ ဖြစ်သလို၊ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံလိုတဲ့ သဘောထားကို မြန်မာနိုင်ငံမှာ စံနမူနာအဖြစ်နဲ့ တွေ့နိုင်တဲ့အကြောင်း ဝန်ကြီး Burns က မှတ်ချက်ပေးခဲ့တာပါ။
XS
SM
MD
LG