သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှု ကာကွယ်ဖို့ မစ္စစ်စပီမြစ် ရေထိန်းတံခါးဖွင့်ချ


ရေလွှမ်းမိုးမှု ကာကွယ်ဖို့ မစ္စစ်စပီမြစ် ရေထိန်းတံခါးဖွင့်ချ
ရေလွှမ်းမိုးမှု ကာကွယ်ဖို့ မစ္စစ်စပီမြစ် ရေထိန်းတံခါးဖွင့်ချ

အမေရိကန်ပြည်ထောင်စု လူဝီစီယားနား (Louisiana) ပြည်နယ်ရဲ့ မြို့တော် ဘာတန် ဝုရှ် (Baton Rouge) နဲ့ အဲဒီပြည်နယ်က အကြီးဆုံးမြို့ဖြစ်တဲ့ နယူး အော်လင်းစ် (New Orleans) မြို့တွေမှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေတာကို လမ်းလွှဲပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာတွေက မစ္စစ်စပီ (Mississippi) မြစ်ပေါ်က ဧရာမ ရေတံခါးကြီးကို စနေနေ့ မွန်းလွဲပိုင်းက ဖွင့်ချလိုက်ပါတယ်။

ဒါဟာ မော်ဂန်ဇာ (Morganza) ရေလွှဲလမ်းကြောင်းကို နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ ပထမဆုံးအကြိမ် အသုံးပြုရတာ ဖြစ်ပါတယ်။

ရေတံခါးကို ဖွင့်တဲ့အခါ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်ရှားနိုင်အောင်၊ အဲဒီဒေသမှာ ကျက်စားတဲ့ ဝက်ဝံနက်တွေလည်း ကုန်းမြင့်ပိုင်းကို ပြေးဖို့ အချိန်ရအောင် ရေတံခါးကို ဖြည်းဖြည်းချင်းနဲ့ ထိန်းချုပ်ဖွင့်ချမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရေဖုံးအုပ်မယ့် လမ်းကြောင်းမှာရှိတဲ့ ဒေသခံတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘော်ဘီ ဂျင်ဒဲလ် (Bobby Jindal) က ရေတွေလာနေပြီလို့ သတိပေးထားပါတယ်။

ဒီလို ရေတံခါးကို ဖွင့်လိုက်တဲ့အတွက် ဘာတန် ဝုရှ်နဲ့ နယူးအော်လင်းစ်မြို့တွေကို ကာကွယ်ပေးထားတဲ့ မြစ်အောက်ပိုင်းက တာတမံတွေဆီကို ရေတွေ သွားပြီး မတွန်းမိစေဖို့၊ ဒါ့အပြင် မစ္စစ်စပီမြစ် အောက်ပိုင်းတလျှောက်မှာ ရှိတဲ့ ရေနံသန့်စင်စက်ရုံတွေနဲ့ ဓာတုဗေဒစက်ရုံ အမြောက်အမြားကို အကာအကွယ် ပေးနိုင်ဖို့ အရာရှိတွေက မျှော်လင့်ထားတာပါ။

ဒါပေမဲ့ ရေလွှဲတံခါးကို ပိုပြီး ဖွင့်လိုက်တဲ့အခါ လူဝီစီယားနား ပြည်နယ်ထဲက စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာနဲ့ ကျေးလက်ဒေသ အိုးအိမ်တိုက်တာတွေ ရေလွှမ်းခံရနိုင်ပါတယ်။ လူပေါင်း ၂၅,၀၀၀ နဲ့ အဆောက်အဦးပေါင်း ၁၁,၀၀၀ ရေဘေးဒဏ် ခံရနိုင်ပါတယ်။

ရေလွှဲလမ်းကြောင်းထက် နိမ့်တဲ့ တချို့နေရာတွေဆို ရေအောက် ပေတော်တော်များများ နစ်မြုပ်သွားရနိုင်ပါတယ်။

ရေလွှမ်းခံရမယ့်နေရာ အတွင်းက လူတွေ အိုးအိမ် တိုက်တာတွေအတွက် အစွမ်းကုန် အကာအကွယ်ပေးဖို့ လုပ်ဆောင်ကြမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျင်ဒဲလ်က ပြောပါတယ်။

ရေပြန်ကျတဲ့အထိ သီတင်းပတ်ပေါင်းများစွာ ဘေးလွတ်ရာကို ရှောင်ရှားနေရမယ့် ဒေသခံတွေအတွက် ကယ်ဆယ်ရေး စခန်းတွေ အလုံအလောက် စီစဉ်ပေးထားတယ်လို့ ကြက်ခြေနီက ပြောပါတယ်။

XS
SM
MD
LG