သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အစ္စလာမ် အစွန်းရောက်တွေကို ကန်-လေကြောင်း ထပ်မံတိုက်ခိုက်


အီရတ်မြောက်ပိုင်း အစ္စလာမ်မစ်စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရာ မြင်ကွင်း။ (သြဂုတ် ၉၊ ၂၀၁၄)
အီရတ်မြောက်ပိုင်း အစ္စလာမ်မစ်စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရာ မြင်ကွင်း။ (သြဂုတ် ၉၊ ၂၀၁၄)

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အစ္စလာမ်အစွန်းရောက်တွေကို နောက်ထပ် လေကြောင်း တိုက်ခိုက်မှု ၄ ခု လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဂျက်တိုက်လေယဉ်တွေ မောင်းသူမဲ့ Drone ယဉ်တွေနဲ့ သံချပ်ကာကားတွေနဲ့ Truck ကား ၁ စီးကို ပစ်မှတ်ထားတိုက်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေးဌာနက စနေနေ့မှာ ပြောခဲ့ပါတယ်။ Sinjar ဒေသနားမှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အောင်မြင်တယ်လို့ ဆိုပါတယ်။

အစ္စလာမ်နိုင်ငံထူထောင်ထားတဲ့ စစ်သွေးကြွတွေက အီရတ်နိုင်ငံ Kurds ဒေသမြို့တော် Irbil မြို့အပေါ်တိုက်ခိုက်ရာမှာ သုံးနိုင်တဲ့ လက်နက် ကိရိယာတွေကို အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း အောင်အောင်မြင်မြင် ဖျက်စီးနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ Barack Obama
ကလည်း အစောပိုင်းက ပြောပါတယ်။

Sinjar တောင်ပေါ်မှာ ပုန်းရှောင်နေကြရတဲ့ ဘာသာရေးအရ နှိပ်ကွပ်ခံနေရတဲ့ လူနည်းစုတွေအတွက် အမေရိကန်တပ်တွေက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဆက်ပြီးပေးသွားမယ်လို့လည်း သမ္မတအိုဘားမားက အိမ်ဖြူတော်ကနေ စနေနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီလူတွေကို
နေရာပြောင်းရွှေ့နိုင်ကြဖို့ လုံခြုံစိတ်ချရတဲ့နေရာ ဖန်တီးပေးဖို့လည်း စီစဉ်နေတယ်လို့ သမ္မတက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် အမေရိကန်နဲ့ ပူးပေါင်းအကူအညီပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေကလည်း သမ္မတအိုဘားမားနဲ့ သဘောတူခဲ့ကြပါတယ်။

အီရတ်က အရပ်သားတွေ လုံခြုံဖို့အတွက် ဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေကိုရှာဖွေဖို့အတွက် သမ္မတအိုဘားမားနဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron တို့ စနေနေ့က သဘောတူခဲ့ကြတယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘေးဒုက္ခတွေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတာကို အကူအညီပေးနိုင်ဖို့ အရေးပေါ် နိုင်ငံတကာက ညှိုနှိုင်းဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြင်သစ်သမ္မတ Francois Hollande နဲ့ သဘောတူခဲ့ပါတယ်။ ISIS စစ်သွေးကြွအဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်ရေးအတွက် ရေရှည် မဟာဗျူဟာ အတူတွဲ ချမှတ်သွားမယ်လို့လည်း အမေရိကန်နဲ့ပြင်သစ် ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG