သုံးရလွယ်ကူစေသည့် Link များ

ကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ အီရတ် ရောက်ရှိ


အမေရိကန် ပူးတွဲ စစ်ရေးဦးစီးချုပ် Joseph Dunford ဟာ Irbil မှာ ရှိတဲ့ ကာဒီစတန်ဒေသ အကြီးအကဲနဲ့ လည်း အင်္ဂါနေ့က တွေ့ဆုံစဉ်။

IS စစ်သွေးကြွတွေကို တိုက်နေတဲ့ စစ်ပွဲကို ကိုယ်တိုင်လေ့လာဆန်းစစ်ဖို့ အီရတ်ကိုရောက်နေတဲ့ အမေရိကန် ပူးတွဲ စစ်ရေးဦးစီးချုပ် Joseph Dunford ဟာ Irbil မှာရှိတဲ့ ကာဒီစတန်ဒေသ အကြီးအကဲနဲ့ လည်းအင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ ကာ့ဒ် လူမျိုးစုတပ်တွေအတွက် ဘုံရန်သူရှိနေတယ်လို့ Dunford က Massoud Barzani ကိုပြောပါတယ်။ အီရတ်နိုင်ငံတွင်းမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း ထိုးစစ်တွေ လုပ်လာတာ တနှစ်ကျော်ကြာလာပါပြီ။

ဒီလေကြောင်းထိုးစစ်တွေကို ကျောထောက်နောက်ခံပေးတဲ့အနေနဲ့ အီရတ်မြောက်ပိုင်းက IS စစ်သွေးကြွတွေကို တိုက်ထုတ်တဲ့နေရာမှာ ကာ့ဒ် လူမျိုးစု တပ်တွေ အောင်ပွဲတွေရခဲ့ပါတယ်။

လေကြောင်းထိုးစစ်တွေရဲ့ အကူအညီကို ရနေတဲ့ အီရတ်စစ်တပ်နဲ့ အစိုးရကိုထောက်ခံတဲ့ ပြည်သူ့စစ်တွေကတော့ IS တွေကို တိုက်တဲ့နေရာမှာ အောင်မြင်မှု သိပ်မရခဲ့ပါဘူး။ပြီးခဲ့တဲ့ အပတ်က အီရတ် တပ်တွေ ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ ရေနံချက်စက်ရုံတွေရှိရာ Beiji မြို့ရဲ့ အခြေအနေတွေ ကိုလည်း မစ္စတာ Dunford ဆွေးနွေးလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

ဒါဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ရာထူးရယူခဲ့တဲ့ မစ္စတာ Dunford ရဲ့ အီရတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ ခရီးလည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်းက လေကြောင်းထိုးစစ်တွေအတွက် ရုရှားရဲ့ အကူအညီကို တောင်းခံခဲ့ခြင်း မရှိဘူးလို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အတွင်းက အကြမ်းဖက်သမားတွေကို တိုက်တာဆိုပြီး ရုရှားဘက်က လေကြောင်းထိုးစစ်တွေကို ပြီးခဲ့တဲ့ သုံးပတ်လောက် ကတည်းကပြုလုပ်နေတာပါ။ ဒီလုပ်ရပ်ဟာ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ဆန့်ကျင်သူတွေကို တိုက်တဲ့လုပ်ရပ်သာဖြစ်တယ်လို့အမေရိကန်နဲ့ တခြားနိုင်ငံတွေဘက်ကဝေဖန်ပြောဆိုနေပါတယ်။

ရုရှားတပ်တွေကို အီရတ်အရာရှိအတော်များများက လက်ခံကြိုဆိုမယ့် ပုံပြပေမယ့် ၀န်ကြီးချုပ် Haider al-Abadi ကတော့ ရုရှားလေကြောင်းတပ်တွေရဲ့ အကူအညီကိုတောင်းခံခဲ့တာမရှိဘူးလို့ မစ္စတာ Dunford က ပြောပါတယ်။

XS
SM
MD
LG