သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အစိုးရအသုံးစရိတ် အမေရိကန်လွှတ်တော် မူအားဖြင့်သဘောတူ


ဒီသီတင်းပတ်ကုန်မှာ အမေရိကန်အစိုးရလုပ်ငန်းတွေ နောက်တကြိမ် ရပ်ဆိုင်းရမယ့် အခြေအနေကို ရှောင်ရှားနိုင်ဖို့နဲ့ အစိုးရ အသုံးစရိတ်အတွက် ဆွေးနွေးညှိနှိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြား မူအားဖြင့် သဘောတူညီချက် ရရှိသွားပါပြီ။

သဘောတူညီချက်ကို ပါတီကြီး ၂ ခုက ကိုယ်စားလှယ်တွေ လူသိရှင်ကြား ထုတ်မပြောပေမဲ့လည်း၊ မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်မှာ ၈၈ ကီလိုမီတာ ရှည်လျားတဲ့ တံတိုင်းဆောက်ဖို့ ဒေါ်လာ ၁.၄ ဘီလီယံ သုံးစွဲဖို့ ပါဝင်ကြောင်းလည်း လွှတ်တော် တာဝန်ရှိသူတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေမှာ စောင့်ကြည့်စစ်ဆေးတဲ့ နည်းပညာတွေကို မြှင့်တင်ဖို့၊ အကောက်ခွန် အရာရှိတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ တိုးပေးဖို့တွေလည်း ထည့်သွင်းထားတာပါ။

သမ္မတ Donald Trump ကတော့ နယ်စပ်မှာ တံတိုင်းတည်ဆောက်ဖို့ ဒေါ်လာ ၅.၇ ဘီလီယံ အသုံးစရိတ် တောင်းခံထားတာ လနဲ့ချီ ရှိနေပါပြီ။ အတိုက်အခံ ဒီမိုကရက်တွေကတော့ သမ္မတရဲ့ အစီအစဉ်ဟာ ဖြုန်းတီးရာရောက်ပြီး ထိရောက်မှု မရှိကြောင်း ပြောဆိုထားကြပြီး၊ တံတိုင်းကာဖို့ အသုံးစရိတ်အစား နယ်စပ်လုံခြုံရေး တိုးမြှင့်မယ့် အစီအစဉ်တွေကိုသာ လက်ခံထားတာပါ။

ကိုယ်လိုချင်တာတွေကိုတော့ အားလုံးရနိုင်မှာ မဟုတ်ဘဲ အမေရိကန် ပြည်ထောင်စုအတွက် အကောင်းဆုံးကိုသာ ရွေးချယ်ရမှာ ဖြစ်ကြောင်းလည်း ဆွေးနွေးညှိနှိုင်းနေတဲ့ လွှတ်တော်ရေးရာ ကော်မတီဝင် ဒီမိုကရက်ကိုယ်စားလှယ် Patrick Leahy ကပြောပါတယ်။ လတ်တလော သဘောတူညီချက်ကို သမ္မတ Trump လက်မှတ်ရေးထိုး အတည်ပြုမလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပေမဲ့၊ သမ္မတ Trump အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေအရ လတ်တလော ညှိနှိုင်းမှုတွေကို သမ္မတက ထောက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်း ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Richard Shelby ကတော့ ပြောဆိုခဲ့တာပါ။

ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါဝင်တဲ့ နောက်ထပ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ Shelley Moore Capito ကတော့ အကောင်းမြင် သဘောထားပေမဲ့ နောက်ဆုံးထွက်ပေါ်လာမယ့် အသေးစိတ်ကို သတိထားစောင့်ကြည့်ရမယ့်အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG