သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ တစိတ်တပိုင်းပိတ်မှု အကန့်အသတ်မရှိ ကြာနိုင်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ လွှတ်တော်အသစ်ရဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ သောကြာနေ့ကတွေ့ဆုံကြရာမှာ ရီပတ်ဘလီကင်တွေဘက်က သဘောတူညီမှု ရရှိနိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့အကြောင်း ပြောခဲ့ကြပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေက အပေးအယူ ညှိနှိုင်းမှုမှာ အားရစရာမတွေ့ရသေးတဲ့အကြောင်း ပြောခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ သူတောင်းခံထားတဲ့ တံတိုင်းတည်ဆောက်ဖို့ ငွေကြေးမရဘူးဆိုရင် လက်ရှိပိတ်ထားရတဲ့ အစိုးရယန္တရားအခြေအနေဟာ နှစ်နဲ့ချီပြီးတောင် ကြာသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

သမ္မတထရမ့်နဲ့ ဒီမိုကရက်လွှတ်တော် ခေါင်းဆောင်တွေဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer တို့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ ရာမှာ သီတင်းတပတ်ကျော်ကြာ ရှိလာပြီဖြစ်တဲ့ အမေရိကန် အစိုးရတစိတ်တပိုင်းပိတ်ရတဲ့ အခြေအနေ ဆိုက်ခဲ့ တဲ့ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့အခြေအနေကို လတ်တလောဖြေရှင်းနိုင်မယ့်နည်းလမ်း နှစ်ဘက် စလုံးတို့က ထုတ်မပြောနိုင်ခဲ့ကြပါဘူး။ သမ္မတထရမ့်က တွေ့ဆုံမှုဟာ အကျိုးရှိတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပေမယ့် အစိုးရပြန်ဖွင့်နိုင်ရေးအတွက် ဆွေးနွေးဖို့ သူ့ဘက်က လူပုဂ္ဂိုလ် သုံးဦးပါအဖွဲ့ကို ဖွဲ့ထားတယ်လို့ ဆိုပါတယ်။ အဲဒီသုံးဦးကတော့ ဒုတိယသမ္မတ Mike Pence, အမိမြေ လုံခြုံရေးဝန်ကြီး Kirstjen Nielsen နဲ့ အိမ်ဖြူတော်အကြံပေး Jared Kushner တို့ပဲ ဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ နယ်နိမိတ်တံတိုင်းတည်ဆောက်ရေးအတွက် ဒီသီတင်းပတ်ကုန်မှာ ဘာဆက်လုပ်မလဲဆိုတာကို ဒီမိုကရက်နဲ့ဆွေးနွေးမယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်အမတ် Chuck Schumer ကတော့ သတင်းထောက်တွေကို ပြောခဲ့ရာမှာ သမ္မတထရမ့်က သူတောင်းထားတဲ့ တံတိုင်းဆောက်ဖို့ငွေမရရင် အစိုးရယန္တရားကို အချိန်အကန့်အသတ်မရှိ ပိတ်ပစ်နိုင်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ သတင်းထောက်တဦးက မှန်ကန်မှုကို မေးမြန်းရာမှာ သမ္မတက အခုလို ဝန်ခံခဲ့ပါတယ်။

“ကျနော် အဲဒီလို တကယ်ပဲ ပြောလိုက်တာပါ။ အဲဒီလို ဖြစ်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် ကျနော့် ဘက်က အဆင်သင့်ပါပဲ။ အထက်နဲ့အောက်လွှတ်တော် ရီပတ်ဘလီကင်အမတ်တွေကိုယ်စား ကျနော် ပြော နိုင်တာက လုံခြုံတဲ့နိုင်ငံဖြစ်ဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ နယ်နိမိတ်လုံခြုံရေးရှိဖို့က အရေးကြီးတယ်လို့ သူတို့ လက်ခံထား ကြပါတယ်။ အစိုးရပိတ်ရတဲ့အခြေအနေဟာ ရက်တွေ ထပ်မကြာပါစေနဲ့လို့ ကျနော် မျှော်လင့်ပါတယ်။ မြန်မြန် ဖွင့်အောင် လုပ်နိုင်ပါတယ်။ ကျနော်တို့ဘက်က လူသုံးဦးကို ခန့်ထားပါတယ်။ သူတို့ဘက်က လူသုံးဦး ဒါမှ မဟုတ် ဒိထက်ပိုပြီးတော့ ၆ ဦး၊ ၉ ဦး ၊ ၁၂ ဦးအထိ လာပြီးတော့ ဆွေးနွေးနိုင်ပါတယ်။ ဒီသီတင်းပတ်ကုန်မှာ ဆွေးနွေးကြဖို့ ကျနော်တို့ အဆင်သင့်ပါပဲ။”

ဒါ့အပြင် တံတိုင်းတည်ဆောက်ရေးအတွက် လိုအပ်လို့ရှိရင် လွှတ်တော်ရဲ့အမိန့်မပါဘဲ သူ့အနေနဲ့ အရေးပေါ် အာဏာကိုသုံးပြီး တံတိုင်းဆောက်ဖို့ လုပ်ဆောင်နိုင်တာကိုလည်း သမ္မတထရမ့်က စဉ်းစားနေတယ်လို့ သတင်းထောက်တဦးရဲ့အမေးကို အခုလို ဝန်ခံခဲ့ပါတယ်။

“ကျနော် စဉ်းစားထားပါတယ်။ ကျနော် လုပ်မယ်ဆို လုပ်လို့ရပါတယ်။ ကျနော့်အနေနဲ့ အရေးပေါ် အခြေအနေ ကို နိုင်ငံရဲ့လုံခြုံရေးအကြောင်းပြပြီးတော့ ကြေညာနိုင်ပါတယ်။ ဒါကို ကျနော် မလုပ်ရသေးပေမယ့် လုပ်ချင်ရင် လုပ်နိုင်ပါတယ်။”

၁၁၆ ကြိမ်မြောက် အောက်လွှတ်တော်မှာ အမတ်အများစုနေရာ ရလိုက်တဲ့ ဒီမိုကရက်တွေဘက်ကတော့ တစိတ်တပိုင်း ပိတ်ထားရတဲ့ အစိုးရယန္တရား ပြန်ဖွင့်နိုင်ရေးဥပဒေကြမ်းကို ကြာသပတေးနေ့က တင်သွင်း ခဲ့ပါတယ်။ အစိုးရပြန်ဖွင့်ပြီးမှသာ နယ်စပ်လုံခြုံရေးအတွက် တံတိုင်းဆောက်မယ့် ကိစ္စကို ဆွေးနွေးမယ်လို့ သူတို့ဘက်က အခိုင်အမာ ပြောနေတာ ဖြစ်ပါတယ်။ သောကြာနေ့မှာ လွှတ်တော်အစည်းအဝေးပွဲတွေ ရပ်နားလိုက်ပြီး နောက်သီတင်းပတ်မှ ပြန်စမှာဖြစ်တဲ့အတွက်ကြောင့် အစိုးရယန္တရား တစိတ်တပိုင်းပိတ်ရတဲ့ အခြေအနေဟာ သီတင်းသုံးပတ်အတွင်းကို ချင်းနင်း ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရ အမှုထမ်း ပေါင်း ၈ သိန်းခန့်တို့ဟာ လစာမရဘဲ ရှိနေကြပြီး မရှိမဖြစ်တဲ့အမှုထမ်း သုံးပုံနှစ်ပုံကတော့ အလုပ်ဆင်းနေကြရ ပါတယ်။

အခုလို အစိုးရတစိတ်တပိုင်း ပိတ်ထားရတာကြောင့် အမျိုးသားအပမ်းဖြေ ဥယျာဉ်ခြံတွေ အပါအဝင် ဗဟိုအစိုးရ ယန္တရားစနစ် အတော်များများကိုလည်း ပိတ်ထားရတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG