သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ တစိတ်တပိုင်း ၂၀၁၈ နှစ်ကုန်ထိ ပြန်ဖွင့်ဖို့ လမ်းမမြင်


အမေရိကန်ကွန်ဂရက်
အမေရိကန်ကွန်ဂရက်

အမေရိကန်အစိုးရ ယန္တရား တစိတ်တပိုင်းကို လာမယ့် ၂၀၁၉ နှစ်စပိုင်းကာလအထိ ပိတ်ထားရမယ့်အခြေအနေ ဆိုက်နေပါတယ်။ ၂၀၁၈ ရဲ့ ကျန်ရှိတဲ့ ရက်တွေမှာ အစိုးရလုပ်ငန်း ပြန်ဖွင့်နိုင်ရေးအတွက် လုပ်ဆောင်ဖို့ လွှတ်တော်နှစ်ရပ်အနေနဲ့ အစီအစဉ် မရှိပါဘူး။

ပြည်ထောင်စုအစိုးရ အသုံးစားရိတ်နဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင်တာ သီတင်းတပတ်နီးပါး ရှိလာပြီး အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်းဆောက်လုပ်ရေးအတွက် ဒေါ်လာ (၅)ဘီလျံ လွှတ်တော်က အတည်ပြုဖို့ တောင်းဆိုနေတဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ တံတိုင်းတည်ဆောက်ရေးကို လုံးဝဆန့်ကျင်ပေမယ့် နယ်စပ် လုံခြုံရေးအတွက် ငွေကြေးအသင့်အတင့် လျာထားဖို့ သဘောတူတဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေကြား ညှိယူလို့ မရတဲ့ အခြေအနေမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ကတော့ အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်စလုံးက မိနစ်အနည်းငယ်သာကြာတဲ့ အစည်းအဝေးပွဲတွေ ခေါ်ယူခဲ့ပေမယ့် အစိုးရလုပ်ငန်း ပြန်လည် လည်ပတ်မှုအတွက် အဖြေရှာရေးနဲ့ ပတ်သက်လို့တော့ ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ပါဘူး။ ဒီဇင်ဘာ ၃၁ ရက် တနင်္လာနေ့ မှာတော့ အစည်းအဝေးပွဲတွေ ခေါ်ယူဖု့ိရှိပေမယ့် ထိရောက်တဲ့ဆွေးနွေးမှုတွေတော့ ပြုလုပ်ဖို့ မရှိပါဘူး။ ကြာသပတေးနေ့ အစောပိုင်းမှာ သမ္မတထရမ့်က နယ်ခြားစောင့်တပ်တွေဟာ တံတိုင်းကြီးကို လိုချင်တဲ့အကြောင်း၊ မူးယစ်ဆေး လူမှောင်ခိုရောင်းဝယ်မှုနဲ့ လူဆိုးဂိုဏ်းတွေ နိုင်ငံအတွင်းကို အများအပြား ဝင်ရောက်လာနေကြောင်း သူ့ရဲ့ တွိစ်တာကတဆင့် ပြောခဲ့ပါတယ်။

အစိုးရယန္တရား တစိတ်တပိုင်း ပိတ်ရတဲ့အခြေအနေ ကြာမြင့်မယ့်အချိန်နဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ထရမ့်ကို သတင်းထောက်တွေက မေးမြန်းရာမှာ သူက ဘယ်လောက်ပဲကြာကြာ သူဆက်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့တောင်းဆိုချက်ဖြစ်တဲ့ တံတိုင်းဆောက်ဖို့ ဒေါ်လာ (၅)ဘီလျံ တောင်းဆိုမှုကို အလျှော့ပေးဖို့ ရှိမရှိနဲ့ ပတ်သက်လို့တော့ သူက တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် နယူးရောက်ပြည်နယ် အမတ် Chuck Schumer နဲ့ နောင်နှစ် လွှတ်တော်သစ်မှာ အောက်လွှတ်တော်ဥက္ကဌ ဖြစ်မယ့် ကယ်လီဖိုးနီးယားပြည်နယ်က Nancy Pelosi တို့ပူးတွဲ ထုတ်ပြန်တဲ့ကြေညာချက်မှာ သမ္မတအနေနဲ့ အစိုးရပိတ်ပစ်တာကို လိုလားပြီး၊ လက်ရှိပြသနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာမရ ဖြစ်နေကြောင်း ဖေါ်ပြ ထားပါတယ်။

အမေရိကန်အစိုးရ အသုံးစားရိတ် သဘောတူညီမှုကို အထက်နဲ့အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုဖို့လိုပြီး သမ္မတက လက်မှတ်ရေးထိုး ရမှာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်အများစုဟာ ဒီသီတင်းပတ် ခရစ်စမတ် အားလပ်ရက်ကာလ နေအိမ်တွေကို ပြန်သွားကြပြီး ဇန်နဝါရီလဆန်းအထိ ဝါရှင်တန်ဒီစီကို ပြန်လာဖို့အစီအစဉ် မရှိကြပါဘူး။ အခုလို အစိုးရတစိတ်တပိုင်း ပိတ်ထားမှုဟာ ဗဟိုအစိုးရအမှုထမ်းပေါင်း ၈ သိန်းခန့်အပေါ် သက်ရောက်မှု ရှိနေပြီး၊ အဲဒီထဲမှာ မရှိမဖြစ် ဝန်ထမ်းတွေဖြစ်တဲ့ နိုင်ငံလုံခြုံရေး ဥပဒေထိန်းသိမ်းရေး အစရှိတဲ့ ဌာနဝန်ထမ်းတွေက အလုပ်ဆင်းရပြီး၊ကျန်တဝက်က အလုပ်မဆင်းပဲ နေကြရတာဖြစ်ပါတယ်။ အစိုးရပြန်မဖွင့်မချင်း လစာတော့ ရကြမှာ မဟုတ်ပါဘူး။

XS
SM
MD
LG