သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဒုက္ခသည်တွေ ဘဝ အစပျိုးနိုင်ရေး အမေရိကန် အစိုးရထောက်ပံ့


အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services)၊
အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services)၊
အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ရောက်ရှိလာကြတဲ့ မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရကနေ ဒေါ်လာ ၆ သိန်း ပထမဆုံးအကြိမ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘဝရပ်တည်မှု အစပျိုးနိုင်ဖို့ အဓိက ကူညီပေးတာဖြစ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် အခြေခံလိုအပ်ချက်တွေကို ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြထားပါတယ်။။

အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services) ကနေပြီး တော့ - အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားပုလိစ့်မြို့မှာ အခြေချနေထိုင် လာကြတဲ့ မြန်မာ နိုင်ငံသား တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘဝရပ်တည်မှု အစပျိုးနိုင်ဖို့ အတွက်ကို ပထမဆုံးအကြိမ် အဖြစ် အမေရိကန် ဒေါ်လာ ၆ သိန်း ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ဒီအကူအညီတွေကို အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် ကူညီသွားမှာဖြစ်ပြီးတော့ - အဓိကအားဖြင့် ဒုက္ခသည်တွေ အခြေခံလိုအပ်တဲ့ ပညာရေးလို ကဏ္ဍမျိုးတွေမှာ ဒီအကူအညီတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦးက ပြောပါတယ်။

"ဒီရာက်လာတဲ့မြန်မာပြည်သားတွေ သူတို့ဘဝ စပြီး တည်ထောင်ဖို့ လုပ်တဲ့အခါမှာ လိုသမျှ ပြင်ဆင်မှုတွေ ပညာရေးအားဖြင့် သင်တန်းတွေ၊ Workshopတွေ၊ အတန်းတွေ ကျမတို့ဖွင့်ထားတာရှိတယ်။ အခမဲ့ပေါ့လေ ကျမတို့ပညာရေးအစီအစဉ်တွေ လုပ်ထားတာရှိတယ်။ ပညာရေးသပ်သပ်လို့ ဆိုတဲ့အခါမှာ အထူးသဖြင့်ကျောင်းသားတွေ ကျောင်းမှာ ရှိနေတဲ့ မူလတန်း၊အလယ်တန်း၊ အထက်တန်းနဲ့ ဒီကောလိပ်ကို သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ပညာရေး အတွက်ကို ကျမတို့ ကူညီတယ်။ နောက်ပြီးတော့ ပြင်ဆင်မှုတွေ အကုန်လုံးပေါ့လေ။ ပညာရေးထောက်ပံ့ကြေးလျောက်တာ၊ ကျောင်းဝင်ခွင့်လျောက်တာ အကုန်လုံးပေါ့ နောက်တခုက Wrokforce Development အသက်မွေးကျောင်း ဆိုင်ရာမှာ ကျမတို့ အလုပ်ရှာတာ၊ အလုပ်အတွက်ပြင်ဆင်တာတွေ၊ ကျမတို့ အစီအစဉ်တွေ လုပ်ပေးတယ်။ သူတို့သင်တန်းလိုတယ်ဆိုရင်လည်း ဘယ်မှာ ဘယ်လို သင်တန်းမျိုးလဲ၊ ကျမတို့မပေးနိုင်တဲ့သင်တန်းမျိုးဆို ဘယ်မှာ သင်တန်းတွေရှိသလဲ စသည်ဖြင့်ပေါ့လေ။ အသိပညာပေးတာ၊ သင်ပေးတာတွေရှိတယ်။

နောက်တခုက ကျမတို့ ရောက်လာတဲ့အခါ မိသားစုကိစ္စ ပြဿနာတွေ အမျိုးမျိုးပဲရှိတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ ကျမတို့မိသားစုကိစ္စတွေ ကူညီတာရှိတယ်။ ပြီးရင် ကျမ်းမာရေးကိစ္စ၊ သူတို့နေရေးထိုင်ရေး အိုးအိမ်ကိစ္စတွေ ကျမတို့ကူညီတာရှိတယ်။ ဒီအလုပ်တွေကိုပဲ ကျမတို့ ဆက်ပြီးလုပ်သွားမှာဖြစ်တယ်။ ဒီအလုပ်တွေအတွက်ကိုပဲ အစိုးရဆီက ကျမတို့ အထောက်အပံ့ရတာဖြစ်ပါတယ်။"

အခုလိုမျိုး အမေရိကန်အစိုးရ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနကနေပြီးတော့ အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို ကူညီဖို့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့လည်း နော်မေဦးက အခုလို ရှင်းပြပါတယ်။

" အဓိက ဒီအထောက်အပံ့တွေကို သူတို့ပေးတာက၊ တခြားနိုင်ငံ ကနေပြီးတော့ ရောက်လာတဲ့ အရင်တုန်းက ဒုက္ခသည်တွေ၊ ကိုယ့်ကို ကိုယ်ပြန်ပြီးတော့ ကိုယ်ထူ ကိုယ်ထ လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ အတွက် သူတို့ အထောက်အပံ့တွေပေးတာဖြစ်တယ်။ ကျမတို့မြန်မာလူမှု အသိုင်းအဝိုင်းကလည်း တော်တော်လေးရှိတယ်။ လူသစ်တွေလည်း အများကြီးရှိတယ်။ ရောက်ပြီးတာ နည်းနည်းကြာ သွားတဲ့သူတွေလည်းရှိတယ်။

ဒီကိုယ်ထူကိုယ်ထလုပ်ငန်းတွေမှာ ကျမတို့ဌာနက လုပ်တာဆိုတော့ ဒီဌာနရဲ့လုပ်ငန်းတွေမှာ ပိုပြီးတော့ အထောက်အကူဖြစ်စေဖို့ လျောက်တော့ ရတာဖြစ်တယ်။"

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦး ဖြစ်ပါတယ်။

ဒီ BCCE မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာနကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အင်ဒီးယားနား ပုလိစ့်မြို့မှာ ဖွင့်လှစ် ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို အခုလိုပဲ ကူညီပံ့ပိုးပေးနေခဲ့တာဖြစ်ပါ တယ်။

အဲ့ဒီ အင်ဒီးယားနားပုလိစ့်မြို့လေးမှာ မြန်မာဒုက္ခသည်ဦးရေ ၁ သောင်းကျော်နေ ထိုင်ပြီး၊ အများစုက ချင်းတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ် စတင်ကတည်းက အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် သန်းနဲ့ချီရှိပြီး၊ သူတို့ထဲက တချို့ကို UNHCR ကနေတဆင့် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင် ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မြန်မာဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၁ သိန်းပြည့်တော့မှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံသား ဒုက္ခသည်တွေအပါအဝင် ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ၁၉၇၅ ခုနှစ်ကနေ စတင် လက်ခံလာခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ သန်းကျော်သွားပြီဖြစ်ပါတယ်။
XS
SM
MD
LG