သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia မှာဒုံးလက်နက်စနစ်ထုတ်ဖို့ အမေရိကန်ကူညီမည်

AUSTRALIA US DIPLOMACY
AUSTRALIA US DIPLOMACY

ပဲ့ထိန်းတပ် Rocket ဒုံးအများအပြားကို တချိန်ထဲမှာ ပစ်လွှတ်နိုင်မယ့် စနစ်ကို Australia နိုင်ငံမှာ ထုတ်လုပ်နိုင်အောင် အမေရိကန်က ကူညီမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က‌ ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

Australia နိုင်ငံ Brisbane မြို့မှာ အမေရိကန်နဲ့ Australia ၂ နိုင်ငံကြား ဝန်ကြီးအဆင့် နှစ်ပါတ်လည် ဆွေးနွေးပွဲအပြီးမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ လာမယ့် ၂ နှစ်တွင်း ဒုံးလက်နက်တွေကို Australia နိုင်ငံမှာ စတင်ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း Australian ကာကွယ်ရေးဝန်ကြီး Richard Marles က ပြောပါတယ်။

၂ နိုင်ငံအပြန်အလှန် သဘောတူညီမှုအရ Nuclear အင်အားသုံး အမေရိကန်ရေငုပ်သင်္ဘောတွေလည်း Australia ရေပိုင်နက်ထဲကို လာရောက်မှု တိုးလာနိုင်တယ်လို့ ဝန်ကြီး Marles က ပြောကြားပါတယ်။ အာရှ ပိစိဖိတ်ဒေသထဲမှာ တရုတ်နိုင်ငံက အင်အားချဲ့ထွင်မှုတွေ ပိုတိုးလုပ်နေချိန်မှာ နှစ်ပေါင်းများစွာထဲက မဟာမိတ်ဖြစ်နေတဲ့ အမေရိကန်နဲ့ စစ်ရေးအရ ဆက်ဆံရေး ပိုမိုခိုင်မာဖို့ Australia နိုင်ငံက ကြိုးစားနေပါတယ်။

အမေရိကန်နဲ့ Australia တို့အနေနဲ့ တရုတ်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်သွားဖို့ ကြိုးစားမယ့်တချိန်ထဲမှာ လိုအပ်ရင် တရုတ်ကို ဆန့်ကျင်သွားဖို့လည်း ၂ နိုင်ငံ ထိပ်တန်းသံတမန်တွေ ကတိပြုခဲ့ကြပါတယ်။ အမေရိကန်၊ Australia အပြင် နိုင်ငံစုံပါတဲ့ ကြီးကျယ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း Australia နိုင်ငံ မှာ အခုလက်ရှိ ပြုလုပ်နေပါတယ်။

Queensland ပြည်နယ်မှာ စစ်ရေးလေ့ကျင့်မှုအတွင်း သောကြာနေ့က Australia စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့တဲ့အတွက် ရဟတ်ယာဉ်ပေါ် ပါသွားသူ စစ်မှုထမ်း ၄ ယောက်ကို ဆက်လက်ရှာဖွေနေကြပါတယ်။ ရဟတ်ယာဉ် အပျက်အစီးတချို့ကို‌တော့ ဒီနေ့ စနေနေ့မှာ ရှာတွေ့ထားပါတယ်၊ Hamilton ကျွန်းကမ်းလွန်မှာ ပျက်ကျခဲ့တဲ့ စစ်ရဟတ်ယာဉ်အတွက် ရှာဖွေရေးလုပ်နေစဉ် MRH90 အမျိုးအစား ရဟတ်ယာဉ်တွေ မောင်းနှင်ပျံသန်းလေ့ကျင့်မှုအားလုံးကို ယာယီ ရပ်ထားတယ်လို့ Australia ကာကွယ်ရေးဌာနက ကြေညာထားပါတယ်။

Talisman Sabre လို့ နာမည်ပေးထားတဲ့ အမေရိကန်နဲ့ Australia ၂ နိုင်ငံ ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှာ နိုင်ငံပေါင်း ၁၀ နိုင်ငံထက်မနည်းက တပ်ဖွဲ့ဝင် ၃ သောင်း ပါဝင်ပါတယ်။

This item is part of
XS
SM
MD
LG