အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသကို သွားရောက်ခဲ့ပြီးတော့ အဲ့ဒီမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ နောက်ထပ် ဒေါ်လာ သန်း ၂၅ သန်း အမေရိကန်ပြည်ထောင်စုက ထောက်ပံ့မယ်ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်။
အဲ့ဒီဒေသဖြစ်တဲ့ တာကလိုဘန်မှာ ကျေးရွာတွေဟာ ဆိုးရွားတဲ့မုန်တိုင်းဒဏ်ကို အတော်လေးကို ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့လအတွင်းကတိုက်ခတ်တဲ့ မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၆ ထောင်ကျော် သေဆုံးခဲ့ရတဲ့ အဲ့ဒီက အပျက်အစီးတွေကိုကြည့်ပြီးတော့ သူ့အနေနဲ့ တုန်လှုပ်မိတယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။
အခုထပ်မံပြီးတော့ ထောက်ပံ့မယ့် အကူအညီ ပမာဏအရဆိုရင်တော့ ဟိုင်ယမ်တိုင်ဖုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်လာ ၈၆ သန်းကျော် ထောက်ပံ့သွားမှာဖြစ်ပါတယ်။
ဟိုင်ယမ်တိုင်ဖုန်းမုန်တိုင်းဟာ အပြင်းထန်ဆုံးဖြစ်တဲ့ မုန်တိုင်းတစ်ခုအနေနဲ့ မှတ်တမ်းပြုခံထားရတာပါ။ မုန်တိုင်းဒဏ်ခံရတဲ့ လူမှုအသိုင်းအ၀ိုင်းတွေ ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်အစိုးရအနေနဲ့လည်း ဒေါ်လာ ၈ ဒဿမ ၁ သန်းဖိုး ကူညီရေးအစီအစဉ်တွေကို ဆောင်ရွက်သွားမယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အက်ကွီနို က ပြောပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် နောက်ထပ် နိုင်ငံတကာအကူအညီတွေ ရရှိဖို့ကိုလည်း ဖိလစ်ပိုင်သမ္မတက မေတ္တာရပ်ခံသွားပါတယ်။ မစ္စတာကယ်ရီဟာ ဖိလစ်ပိုင်နိုင်ငံကိုရောက်နေတဲ့ ဒုတိယနေ့မှာ အခုလို မုန်တိုင်းသင့်ဒေသကို သွားရောက်ခဲ့တာပါ။
အင်္ဂါနေ့တုန်းကတော့ သမ္မတ အက်ကွီနိုနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရဲ့ ရေကြောင်းကာကွယ်ရေးစွမ်းရည်တွေ တိုးတက်လာဖို့နဲ့ တောင်ပိုင်းမူဆလင် အကြမ်းဖက်မှုပေါ်မှာ အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ရေးလှုပ်ရှားမှုတွေအတွက် ဒေါ်လာ သန်း ၄၀ အကူအညီပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီမှာ ကြေညာခဲ့ပါတယ်။