သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချစ်သူတွေ HIV ကို ကာကွယ်နိုင်ပြီ


HIV ပိုး ကူးစက်နေသူတွေ AIDS ရောဂါ အခြေအနေ မဆိုးအောင် ထိန်းထားတဲ့ ဆေးတမျိုးကို စမ်းသပ်တာမှာ လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ HIV ပိုး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်ပေးတာ တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ကြေညာလိုက်ပါတယ်။

ထရူဗာဒါ (Truvada) လို့ နာမည်ရတဲ့ ဆေးကို နေ့စဉ် သုံးစွဲကြသူ လိင်တူဆက်ဆံကြတဲ့ အမျိုးသားတွေကြား HIV ပိုး ကူးစက်ပြန့်ပွားမှုကို ၄၀% အကာအကွယ်ပေးတာ တွေ့ရတယ်လို့ အမေရိကန် အမျိုးသား ကျန်းမာရေးဆိုင်ရာ လေ့လာရေးဌာနက ပြောပါတယ်။

ဆေးကို နေ့တိုင်း ဂရုစိုက်သောက်ကြတဲ့ သူတွေဆို ထိရောက်မှုက ၇၃% တောင် ရှိတယ်လို့ ပြောပါတယ်။

ဒီတွေ့ရှိမှုနဲ့ ပတ်သက်ပြီး New England ဆေးဂျာနယ်ထဲမှာ ဖော်ပြထားတာပါ။ ဒီလို စမ်းသပ်တွေ့ရှိမှုဟာ AIDS ရောဂါ ဖြစ်စေတဲ့ HIV ဗိုင်းရပ်စ် ကာကွယ်ရေးမှာ ထူးခြားတဲ့ လေ့လာစမ်းသပ်မှု ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ချီးကျူး ပြောကြားခဲ့ပါတယ်။

ဒီဆေးအပေါ် လေ့လာမှုတွေကို ဆက်လုပ်နေတဲ့ တချိန်တည်းမှာပဲ တခြား HIV ပိုး ကူးစက်မှုအတွက် လုပ်နေတဲ့ နည်းလမ်းတွေကိုလည်း လျှော့မတွက်သင့်ပါဘူးလို့ သမ္မတရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခု စမ်းသပ်လေ့လာမှုတွေကို လိင်တူချင်း ဆက်ဆံတဲ့ အမျိုးသားတွေနဲ့ပဲ လေ့လာ စမ်းသပ်ခဲ့တာဖြစ်လို့ အမျိုးသမီးတွေ၊ အမျိုးသမီးနဲ့ ဆက်ဆံတဲ့ အမျိုးသားတွေအပေါ် ထရူဗာဒါဆေးရဲ့ သက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကို နောက်ထပ် လေ့လာမှုတွေ လုပ်ရမယ်လို့ အမေရိကန် အလာဂျီနဲ့ ကူးစက်ရောဂါဌာန ဒါရိုက်တာ ဒေါက်တာ အန်သိုနီ ဖူချီ (Dr. Anthony Fauci) က ပြောပါတယ်။

XS
SM
MD
LG