အမေရိကန် နိုင်ငံသားတွေဟာ ခရစ္စမတ် ရက်လွန်ကာလ ဈေးဆိုင်တွေမှာ အထူးလျှော့ဈေးနဲ့ ဝယ်ယူဖို့၊ လက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲကမှ မလိုချင်တာတွေကို ဆိုင်မှာပြန်သွင်းဖို့ တနင်္ဂနွေနေ့မှာ ဈေးဝယ်ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ နိုင်ငံ အရှေ့ဘက်ကမ်း ဒေသတွေမှာတော့ ဆီးနှင်းတွေ ထူထူထပ်ထပ်ကျပြီး လေပြင်းတွေလည်း တိုက်ခတ်နေတာမို့ လူတွေ ဈေးဝယ်မထွက်နိုင်ကြပါဘူး။
နယူးယောက်ခ်နဲ့ ဘော့စတန် မြို့တွေမှာ နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပြီး အရှေ့မြောက်ဘက် ကမ်းရိုးတန်းတလျှောက် နှင်းက လက်မ ၂၀ နီးပါး ကျနိုင်ပါတယ်။
တောင်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်တွေကနေ မြောက်ပိုင်း မိန်းပြည်နယ်အထိ ဆီးနှင်းကျမယ်လို့ ခန့်မှန်းထားပါတယ်။
လူအများအပြားဟာ ဒီဇင်ဘာ၂၅ ရက် ခရစ္စမတ်နေ့ကို မိသားစုတွေနဲ့ အတူဆင်နွှဲဖို့ ခရီးထွက်ကြတာမို့ အခု ရာသီဥတု အခြေအနေကြောင့် သွားရေးလာရေး ခက်ခဲစေပါလိမ့်မယ်။
နိုင်ငံအလယ် အနောက်ခြမ်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ မုန်တိုင်းတခုဝင်ပြီး ဆီးနှင်းတွေ ကျခဲ့လို့ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရပါတယ်။
တောင်ပိုင်းက အတ္တလန္တာမြို့မှာတော့ ၁၈၀၀ ပြည့်လွန် နှစ်ပိုင်းတွေက စကြည့်မယ်ဆိုရင် ပထမဆုံးအကြိမ် အဖြစ် ခရစ္စမတ်နေ့မှာ နှင်းဖွေးဖွေးတွေ လွှမ်းနေခဲ့ပါတယ်။