သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Holocaust ဆု ဒေါ်အောင်ဆန်းကြည်ထံက ပြန်ရုပ်သိမ်းမှု မြန်မာသံအမတ်ကြီး တုံ့ပြန်


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုမှာမြန်မာအရပ်သား ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စု Holocaust အထိမ်းအမှတ် ပြတိုက်ကြီးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ အထင်ကရ လူ့အခွင့်ရေးဆု ကို ပြန်ပြီးရုပ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

Holocaust အထိမ်းအမှတ် ပြတိုက်ရဲ့ အခုလို ကြေညာချက်ကို အလွန်အင်မတန်စိတ်ပျက်မိသလို ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုဟာ ပြောင်းလဲသွားဖို့ မရှိကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဗွီအိုအေကို တုန့်ပြန်ပြောဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဗွီအိုအေ မြန်မာပိုင်းက လက်ခံရရှိတဲ့ ဆုရုပ်သိမ်းကြောင်း စာမှာတော့ အမေရိကန်ပြည်ထောင်စု Holocaust အထိမ်းအမှတ် ပြတိုက်ကြီးကနေ ဒေါ်အောင်ဆန်းစုကြည်စီကို မတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေတဆင့် ပေးပို့ခဲ့တာဖြစ်ပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ် ထိန်းသိမ်းခံခဲ့ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု Holocaust အထိမ်းအမှတ် ပြတိုက်ကနေ Elie Wiesel ဆု ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်၊ Holocaust ကနေ အသက်ရှင် လွတ်မြောက်လာသူလည်းဖြစ်တဲ့ Elie Wiesel ကို ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပြီး သူဟာ ပထမဆုံး ဆုရှင်လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒုတိယမြောက်ပုဂ္ဂိုလ် အဖြစ် ရွေးချယ် ချီးမြှင့်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပမှာရှိတဲ့ ဂျူးလူမျိုး ၆ သန်းကျော်ကို အဆိပ်ဓါတ်ငွေ့လွှတ်ပြီး လူမျိုးတုန်းအောင် သတ်ဖြတ်ခဲ့တဲ့ ဂျာမန် နာဇီတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု အထိမ်းအမှတ် အဖြစ် Holocaust လို့ အမည်ပေးခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

Elie Wiesel ဆု ကို နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ် တဦးချင်းစီကို နှစ်စဉ် ပေးအပ်ချီးမြှင့်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အမုန်းတရားတွေကို ရင်ဆိုင်ဖြေရှင်းပေးရဲသူ၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကာကွယ်ပေးသူ၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်သူ ဆိုတဲ့ ပြတိုက်က လက်ခံထားတဲ့ အမြင်တွေကို ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်ပေးနေတာကြောင့်ဖြစ်တယ်လို့ ပြတိုက်ရဲ့ ကြေညာချက်ကဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာပြယုဒ်အဖြစ် မျှော်လင့်ထားတဲ့အတိုင်း ဒါတွေကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိအရပ်သားခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့နိုင်ငံတွင်းက ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုနဲ့ ပတ်သက်လို့ ရပ်တန့်အောင် မပြုလုပ်နိုင်ခဲ့တဲ့အပြင် ဒီကျူးလွန်မှုတွေကို အသိအမှတ်တောင် မပြုခဲ့တဲ့အတွက် သူ့မှာ တာဝန်ရှိတယ်လို့ Holocaust ပြတိုက်က မြင်မိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့တဲ့ စာထဲမှာလည်း လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအတွက် မဆုတ်မနစ်ကြိုးပမ်းခဲ့တဲ့သူ တယောက်အနေနဲ့ လူအများစုက မျှော်လင့်ခဲ့သလို စစ်တပ်ရဲ့ ဆိုးရွားလှတဲ့ ညှမ်းပန်းဖိနှိပ်မှုတွေကို ကန့်ကွက်ရှုတ်ချလိမ့်မယ်၊ ပစ်မှတ်ထား ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ မျှော်လင့်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့သလို သတင်းထောက်တွေကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့ပြီး ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် အမုန်းတရားပြောဆိုချက်တွေ ပြန့်ပွားအောင်လုပ်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု Holocaust အထိမ်းအမှတ် ပြတိုက်ရဲ့ စာမှာဖေါ်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ထားတဲ့ Elie Wiesel ဆု ပြန်ပြီး ရုပ်သိမ်းကြောင်း အမေရိကန်ပြည်ထောင်စု Holocaust အထိမ်းအမှတ် ပြတိုက်ကြီးက ပေးပို့ထားတဲ့ စာနဲ့ ပတ်သက်လို့ အလွန်အင်မတန်မှ စိတ်ပျက်မိတယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံဟာ ဆိုလို့ရှိရင် လွတ်လပ်ရေးရတဲ့နှစ်ကလည်း တနှစ်တည်းဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာ ရေရှည်ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အစ္စရေးနိုင်ငံမှာရှိတဲ့ ဂျူးလူမျိုးတွေဟာ ဒုတိယကမ္ဘာစစ်တုန်းက ဒုက္ခမျိုးစုံနဲ့ သေဆုံးခဲ့တဲ့ Holocaust ဖြစ်ရပ်တွေဟာ ကျနော်တို့ မြန်မာလူမျိုးတွေအတွက် အင်မတန်စိတ်ထိခိုက်စေခဲ့ပါတယ်။ ဒီအဖြစ်မျိုးကိုလည်း ကျနော်တို့အနေနဲ့ လုံးဝမမြင်ချင်ပါဘူးဆိုတဲ့ဟာကို မြန်မာနိုင်ငံ တနိုင်ငံလုံးကနေ ခံယူထားတာရှိပါတယ်။ အဲလိုမျိုးအချိန်မှာ ပြတိုက်ကနေပြီးတော့ ရခိုင်ပြည်နယ်က ဖြစ်စဉ်ကို သူတို့ရဲ့ သူတို့ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေရဲ့ ဖြစ်စဉ်တွေနဲ့ ခိုင်းနှိုင်းထားတဲ့ဟာက လုံးဝမဆီလျော်ပါဘူး။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သူတို့ပြောနေတဲ့ ရိုဟင်ဂျာတွေနဲ့ လုံးဝဆက်စပ်မှုမရှိပါဘူး။ ရိုဟင်ဂျာတွေ သူတို့ပြောတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ အမြဲတမ်း ရှင်းပြဖို့ အဆင်သင့်ရှိပါတယ်။ ဒါကြောင့်မို့ ဒီပြတိုက်ဟာဆိုရင် အဖြစ်မှန်ကို မျက်ကွယ်ပြုထားတဲ့ လူတွေရဲ့ အသုံးချမှုကိုခံယူတဲ့အတွက်ကြောင့် ကျနော်တို့ဟာ ပြတိုက်ရဲ့ဆုံးဖြတ်ချက်ကို ကျနော်တို့ အင်မတန်ကိုမှ စိတ်ပျက်မိပါတယ်။”

ဒါအပြင် ဒီဆုရုပ်သိမ်းလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ သံအမတ်ကြီးက ပြောပါတယ်။

“သူတို့ပြတိုက်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခံတဲ့ ကျနော်တို့ ရဲ့ရပ်တည်ချက်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီကိစ္စကြောင့်လည်း မြန်မာနိုင်ငံအစိုးရဟာ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဟာ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းရေးကြောင်း ရိုဟင်ဂျာ ၇ သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အခြေအနေအတွက် ဒေါ်အောင်ဆန်းစုကြည်မှာလည်း တာဝန်ရှိနေတယ်ဆိုပြီး နိုင်ငံတကာက သူ့ကို ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု၊ လူ့အခွင့်အရေး ဆုတချို့ရုပ်သိမ်းခဲ့ရာမှာ အခု Holocaust အထိမ်းအမှတ် ပြတိုက်ရဲ့ ဆုဟာ နောက်ဆုံးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုပေးပို့တဲ့ ပြတိုက်ရဲ့စာထဲမှာ မြန်မာစစ်တပ်က တိုင်းပြည်ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ အမှားအယွင်းရလာဒ်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ဖြေရှင်းနေရတာကို အသိအမှတ်ပြုပေမယ့် အခုလို ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG