သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားစာခံတွေ ပြန်ရွေးနိုင်ခွင့် အမေရိကန်ပေါ်လစီ အိုဘားမားပြောင်းလဲ


အမေရိကန်ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေနဲ့ စေ့စပ်ဖို့ ဒါမှမဟုတ် ပြန်ပေးငွေပေးပြီး ဓားစာခံတွေကို ပြန်ရွေးယူဖို့ ကြိုးစားတဲ့ မိသားစုတွေကို ရာဇ၀တ်မှုနဲ့ စွဲဆိုဖို့ ခြိမ်းခြောက်တော့မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

၆ လတာ ပြန်လည်သုံးသပ်ပြီး အမေရိကန် မူဝါဒကို ပြောင်းလဲဖို့ အမိန့်ပေးရင်း ပိုမိုကောင်းအောင် လုပ်ရလိမ့်မယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။ ပင်လယ်ရပ်ခြားမှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန်တွေကို ပြန်ရဖို့အတွက် အစိုးရအနေနဲ့ စွမ်းအားမျိုးစုံ သုံးမယ်လို့လည်း ကတိပြုပါတယ်။

ဓားစာခံတွေ ပြန်ကယ်တင်ဖို့အတွက် သူတို့ဆွေမျိုးမိသားစုတွေနဲ့ သတင်းအချက်အလက်တွေ ဖလှယ်တာ၊ ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ စတဲ့ နည်းတွေကို ပိုမို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အာဏာပိုင်တွေအနေနဲ့ကတော့ ပြန်ပေးသမားတွေနဲ့ ကြားလူတွေနဲ့ ဆက်သွယ်မှာဖြစ်ပေမဲ့ ရေရှည်ကိုင်စွဲလာခဲ့တဲ့ မူဝါဒကိုတော့ ပြောင်းလဲပစ်မှာ မဟုတ်ဘူးလို့တော့ ဆိုပါတယ်။ သူတို့အဖွဲ့ဝင်တွေ အများဆုံး ပြန်ပေးအန္တရာယ် ကြုံနေရတဲ့ နယူးယောက်ခ် အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီက ဒီမူဝါဒ အပြောင်းအလဲကို ကြိုဆိုလိုက်ပါတယ်။

အခုလောလောဆယ်မှာ အမေရိကန်နိုင်ငံသား ၃၀ ကျော်ဟာ တခြားနိုင်ငံတွေမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံနေရတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ IS စစ်သွေးကြွတွေကတော့ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံသားတွေကို မကြာခင်နှစ်တွေအတွင်း ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG