သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး တိုးတက်မှု ကန် အသိအမှတ်ပြု


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ရာမှာ စိန်ခေါ်မှု အများအပြား ရှိနေသေးပေမဲ့လည်း ဆက်ပြီး အားပေးသွားရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ဝန်ကြီး ကယ်ရီက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

အထူးသဖြင့် လူမျိုးစုတိုင်းရင်းသားဒေသတွေအပါအဝင် အဆင့်တိုင်းမှာ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြန်ပြောင်းသုံးသပ် ချက်တွေကို အာဏာပိုင်တွေက အပြည့်အ၀ ဒါမှမဟုတ် အစဉ်တစိုက် အကောင်အထည်ဖော်တာမျိုး မရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ဆက်ပြီး တိုးတက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရက ကျူးလွန်တဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်းသွားတာကို လေ့လာသူတွေက ပြောကြတယ်လို့ အစီရင်ခံစာက ဆိုထားသလို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

“နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ တဖြည်းဖြည်း ပြောင်းလဲနေရုံသာမက အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ မိတ်ဘက် ဆက်ဆံရေးဆီ ဦးတည်နေတာကို ကျနော်တို့ ဆက်ပြီး တွေ့နေရပါတယ်။”

မတူကွဲပြားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး အောင်မြင်အောင်ကြိုးစားနေတဲ့ နေရာဒေသတွေရဲ့ ဥပမာတွေ အများကြီးရှိပါတယ်လို့ လည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။

ဒါပေမဲ့လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးပြဿနာတွေ မြန်မာနိုင်ငံ တဝန်းမှာ ဆက်ရှိနေတုန်းပဲလို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီထဲမှာ လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ မတရားနှိပ်စက် ညှဉ်းပန်းတာတွေ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီးမှုတွေ၊ လူမှုအဝန်း အဝိုင်းအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ မူစလင်လူထုပေါ် အကြမ်းဖက်တာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ ဒါမှမဟုတ် စနစ်တကျ လုပ်ဆောင်တာ မဟုတ်တဲ့ မြေယာ သိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ တရားဥပဒေစိုးမိုးရေး အားနည်းတာ စတဲ့အခြေအနေတွေကို ဖော်ပြထား ပါတယ်။

ဒီလိုပြဿနာတွေ ရှိနေဆဲဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း အသိအမှတ်ပြုပေမဲ့ ရှေ့ဆက်တိုးတက်ဖို့ အားပေးသွားရမယ်လို့ ပြောခဲ့ပါတယ်။

“အခုအစီရင်ခံစာမှာ ပြောထားသလိုပဲ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးကနေ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေး၊ ဘာသာရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့လည်း ရှိနေတဲ့ပြဿနာတွေကို ရိုးသားမျှတစွာ ပြောနေတာနဲ့တချိန်ထဲမှာ ပဲ တိုးတက်မှုရှိအောင်လည်း ဆက်ပြီး အားပေးသွားရပါမယ်။”

အရင်နှစ်တွေနဲ့မတူတာကတော့ နှိပ်စက်ညှဉ်းပန်းမှုအတွက် တာဝန်ရှိတဲ့အရပ်သားတွေကို အစိုးရက အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု အများအပြားကတော့ အပြစ်ပေး အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတုန်းပဲ ဆိုတာကိုလည်း ထောက်ပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာ ထုတ်ပြန် တာမှာ မြန်မာနိုင်ငံအခြေအနေကို စာမျက်နှာ ၄၈ မျက်နှာနဲ့ အစီရင်ခံ ဖော်ပြထားတာပါ။

ကဏ္ဍ ခုနစ်ရပ်ခွဲပြီးတော့ အသေးစိတ် အစီရင်ခံထားတဲ့ မြန်မာ့ လူ့အခွင့်အရေးအခြေအနေတွေထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှု အခြေအနေကနေ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ စသည်ဖြင့် ဖော်ပြထားပါ တယ်
XS
SM
MD
LG