သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ် အကဲစမ်းမှုတွေ ရင်ဆိုင်ရာမှာ အမေရိကန်ကူညီမည်


၂၀၁၅ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အကြိမ် ၄၀ မြောက်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့တဝှမ်း လူ့အခွင့်အရေး တိုးတက်ကောင်းမွန်စေဖို့နဲ့ ဒီမိုကရေစီ ရှင်သန်စေဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေတာမှာ တိုးတက်မှု မြင်တွေ့ခဲ့ရတဲ့ နိုင်ငံတွေအနက်မှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာရဲ့ ဦးတည်ချက်ကတော့ ကမ္ဘာ့တဝှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက် ကောင်းမွန်စေဖို့ ဖြစ်ပေမယ့်လို့လဲ ဒီနှစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့တဝှမ်း အာဏာရှင် အစိုးရတွေအနေနဲ့ သူတို့ အာဏာတွေကို ဆက်ထိန်းထာနိုင်ဖို့ ပြည်သူလူထုရဲ့ အသံတွေကို အင်အားသုံးပြီး ရက်စက်စွာ တိုးမြင့် နှိမ်နင်းနေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တင်ပြတိုင်းလဲ အရာမရောက် မှန်ပေမယ့်လို့ ဆက်လက် ကြိုးပမ်းသွားမယ်ဆိုရင် အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်တာတွေ ရှိတာကို မြန်မာ အပါအဝင် တချို့ နိုင်ငံတွေမှာ တွေ့နေရပြီလို့ ဝန်ကြီး John Kerry က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဥပမာ - တူနီးရှားနဲ့ နိုင်ဂျီးရီးယား၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေမှာ အရေးကြီးတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ကျနော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ဒါပေမဲ့ ဒီနိုင်ငံ တနိုင်ငံချင်းစီမှာ ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ အကဲစမ်းမှုတွေ ရှိနေဆဲပါ။ ဒီအကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် တနိုင်ငံချင်းစီအလိုက် ကြိုးပမ်း အားထုတ်မှုတွေမှာ ကျနော်တို့က နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်အုပ်ချုပ်မှုအော် နှစ် ၅၀ ကျော်ကြာ နေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ ရှိတဲ့အတွက်ကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတိုင်းမှာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ဖော်ပြခြင်း ခံခဲ့ရတဲ့အပြင် ဒဏ်ခတ် ပိတ်ဆို့မှုတွေလည်း ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိလိုက်ပြီးတဲ့နောက် အရပ်သားအစိုးရ ဖွဲ့နိုင်တဲ့အပြင် လူ့အခွင့်အရေး တိုးတက်မှုတွေ စတင် တွေ့ရှိလာရပြီ ဖြစ်ပါတယ်။

ရှေ့မှာ ရင်ဆိုင်ရမယ့် အကဲစမ်းမှုတွေကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က ပြောခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ လာမဲ့နှစ်မှာ တိုးတက်မှု ပိုမို ရရှိဖို့အတွက် ဘယ်လို ဖိအားပေး ဆောင်ရွက်သွားမလဲ ဆိုတာကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို စတင် လွှတ်ပေးနေပါပြီ။ နိုင်ငံ့ရဲ့ ဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ တိုင်းရင်းသား လူနည်းစုတွေနဲ့ ငြိမ်းချမ်းရေး ပိုမိုရရှိဖို့ ကြိုးပမ်းမှုတွေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်နေတာ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတွေကို စစ်တပ်ရဲ့ လက်အောက်မှာ ထားရှိနေတဲ့ အချက်နဲ့ သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့ရင် စစ်တပ်အနေနဲ့ အာဏာသိမ်းနိုင်တဲ့ အချက်ကိုလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာအနက် အဓိက (၃) ရပ်ကတော့ လွှတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ စည်းရုံးခွင့်တို့မှာ ကန့်သတ်ခြင်း ခံနေရတာတွေ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကန့်သတ် ချုပ်ခြယ်မှုတွေကို ထောက်ပြထားပါတယ်။

တခြား ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ပြဿနာတွေကတော့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှုအပါအဝင် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ နိုင်ငံရေးအရ ဉာဏ်ဆင် ဖမ်းဆီးမှုအပြင် ငြိမ်းချမ်းစွာ ထုတ်ဖော် ပြောဆိုသူတွေကို အင်အားသုံး နှိမ်နင်းမှုနဲ့ အကတိလိုက်စားမှု ကျယ်ပြန့်တဲ့ အခြေအနေတွေနဲ့ သတင်းထောက်တချို့ကို ဖမ်းဆီးမှုတွေကို ထောက်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို ဦးသိန်းစိန် အစိုးရဟောင်းလက်ထက်က အကန့်အသတ်နဲ့ အရေးယူမှုတွေ ရှိခဲ့ပေမယ့် ကျူးလွန်ချိုးဖောက်တဲ့ အစိုးရ အရာရှိတွေနဲ့ လုံခြုံရေးတပ်တွေ အနေနဲ့ကတော့ အရေးယူခံရခြင်းမှ ကင်းလွတ်ကြတာ တွေ့ရတယ်လို့ ထောက်ပြထားပါတယ်။

တချိန်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေထဲမှာလဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သားများ အသုံးပြုမှုအပြင် ပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ် ပေးနိုင်ခြင်း မရှိဘူးလို့လဲ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

သမ္မတသစ် ဦးထင်ကျော်ကတော့ မြန်မာနိုင်ငံမှာ အခုလို ဒုက္ခရောက်နေကြသူတွေကို သူ့အနေနဲ့ မေ့မထားပဲ အခြေအနေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သင်္ကြန်အကြိုနေ့ ဆင်နွဲတဲ့အချိန်မှာ ကတိပေး ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG