သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကို ICC တင်ရေးကြိုးပမ်းချက် လုံခြုံရေးအကြံပေး Bolton ပယ်ချ


အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးအကြံပေး John Bolton
အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးအကြံပေး John Bolton

အမေရိကန်တပ်ဖွဲ့တွေနဲ့ အမေရိကန်ထောက်လှန်းရေးတွေအာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာပြစ်မှုကျူးလွန်မှု တွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ICC နိုင်ငံတကာပြစ်မှုခုံရုံးမှာတင်ပြီး စုံစမ်းစစ်ဆေးဖို့ ICCရှေ့နေရဲ့တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စုက ပယ်ချလိုက်ပါတယ်။ ICCအဖွဲ့နဲ့ဘယ်လိုနည်းနဲ့မှလက်တွဲလုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ လည်း အမေရိကန်က တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

Afghanistan နိုင်ငံက လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေမှာ ၂၀၀၃ခုနှစ်နဲ့ ၂၀၀၄ခုနှစ်အကြား အမေရိကန်တပ်ဖွဲ့တွေနဲ့ အမေရိကန်ထောက်လှန်းရေးတွေရဲ့ စစ်ဘက်ဆိုင်ရာပြစ်မှုကျူး လွန်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြစ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ICCကစုံစမ်းစစ်ဆေးဖို့ ICCရဲ့ တရားလိုရှေ့နေ Fatou Bensouda ကတောင်းဆိုထားတာပါ။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးအကြံပေး John Boltonကတော့ ကျူးကျော်ရန်စတဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး ICCရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ ပြတ်ပြတ် သားသားမရှိတဲ့အပြင် အဓိပ္ပါယ်အမျိုးမျိုးကောက်ယူနိုင်တယ်လို့ဆိုပါတယ်။ အမေရိကန်ကို ICC က စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် အမေရိကန်ရဲ့လက်တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့လည်း လုံခြုံရေးအကြံပေး John Boltonက သတိ ပေးလိုက်ပါတယ်။

'အမေရိကန်သမ္မတရဲ့ကိုယ်စား ကျနော်ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ ကို အကာအကွယ်ပေးဖို့နဲ့ ဒီတရားမဝင်တဲ့ ခုံရုံးကနေပြီး အမေရိကန်ရဲ့ မဟာမိတ်တွေကို မတရားသဖြင့် တရားစီရင်မယ့်အရေးကနေ အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှကို အမေရိကန်ပြည်ထောင်စုက အကုန်လုပ်သွားမှာပါ။ ကျနော် တို့ဟာ ICC နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်မှာမဟုတ်ပါဘူး။ ICC ကိုလည်း ကျနော်တို့ ဘာမှထောက်ပံ့ကူညီ မှာ မဟုတ်ပါဘူး။ ICC နဲ့ကျနော်တို့ ပတ်သက်မှာမဟုတ်ပါဘူး"

ICC နိုင်ငံတကာပြစ်မှုခုံရုံးဟာ ၂၀၀၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ဘက်ဆိုင်ရာပြစ်မှုကျူးလွန်မှုတွေကို လွတ်လပ်တဲ့အဖွဲ့အစည်းတခုအနေနဲ့စုံစမ်းစစ်ဆေးဖေါ်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာပါ။ ICCအဖွဲ့ဖြစ်မြောက်ရေး သဘောတူလက်မှတ်ရေးထိုးတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စု မပါဝင်ပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်ရဲ့စစ်ရေးလုပ်ဆောင်မှုတွေကို ICC ကသာ စုံစမ်းစစ်ဆေးတာတွေလုပ်မယ်ဆိုရင် ICC အဖွဲ့က တရားသူကြီးတွေနဲ့ရှေ့နေတွေကို အမေရိကန်ပြည်ထောင်စုကို အဝင်မခံပဲ ဗီဇာတွေပိတ်မယ်၊ အမေရိကန် မှာရှိသမျှ သူတို့ရဲ့ ဘဏ္ဍာငွေကြေးတွေကိုလည်း ချိတ်ပိတ်လိုက်မယ့်အပြင် သူတို့ကို အမေရိကန်တရားရုံးတွေကနေ တရားစီရင်ဖို့လည်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအကြံပေး John Boltonက ပြောပါတယ်။

ICC တရားရုံးဟာ အမေရိကန်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတဲ့အဖွဲ့အစည်းတခုဖြစ်ပြီး ဒီအဖွဲ့ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း သိပ်ပြီးရှိတဲ့အဖွဲ့တခုမဟုတ်ဘူးလို့လည်း John Boltonကပြောပါတယ်။ အမေရိကန် တပ်ဖွဲ့တွေရဲ့အာဖဂန်နိုင်ငံက လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့တောင်းဆိုတဲ့ တရားလိုရှေ့နေ Fatou Bensouda ဟာ ဂမ်ဘီယာနိုင်ငံသူဖြစ်ပါတယ်။

သူက အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်တွေရဲ့လုပ်ရပ်တွေတင်မက တာလီဘန်နဲ့ တာလီဘန်နဲ့ဆက်စပ် နေတဲ့ Haqqani ကွန်ယက်အပြင် အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကိုပါ စုံစမ်းစစ်ဆေးဖို့တောင်းဆိုထားတာပါ။ အမေရိကန် က ICC နဲ့ ပတ်သက်မှာမဟုတ်ဘူးဆိုတဲ့တုံ့ပြန်ချက်ကို AI လို့ခေါ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့အရာရှိ Adotei Akwei ကတော့ ချက်ချင်းပဲ အပြစ်တင်ရှုတ်ချပါတယ်။

ICC အဖွဲ့ရဲ့တရားဝင်တည်ရှိမှုကို အမေရိကန်က ကန့်ကွက်တယ်ဆိုတာ နိုင်ငံတကာဥပေဒေအောက်မှာ ပြစ်မှုကျူးလွန်ခံခဲ့ကြရတဲ့ သန်းနဲ့ချီတဲ့လူတွေကိုတိုက်ခိုက်လိုက်တာပဲလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG