သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၃၅ ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့


၂၃၅ ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့
၂၃၅ ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့

အမေရိကန် နိုင်ငံသားတွေဟာ သူတို့ရဲ့ လွတ်လပ်ရေးနေ့ကို တနင်္လာနေ့က ဆင်နွှဲခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၅ နှစ်က လွတ်လပ်ရေး ကြေညာပြီး လွတ်မြောက်ခဲ့တဲ့ အထိမ်းအမှတ်နေ့ အဖြစ်နဲ့ ဆင်နွှဲကြတာပါ။

ဇူလိုင်လ ၄ ရက်နေ့လို့ အမည်ပေးထားတဲ့ အဲဒီ လွတ်လပ်ရေးနေ့ အခမ်းအနားကို အမေရိကန် နိုင်ငံသားတွေဟာ ချီတက်ပွဲတွေ၊ မီးရှူး မီးပန်းတွေဖောက်၊ Picnic တွေထွက်ကြ၊ ဘောလုံးပွဲနဲ့ အားကစားပြိုင်ပွဲတွေ ကျင်းပကြတဲ့အပြင် တီးဝိုင်းနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပပြီးတော့လည်း ဆင်နွှဲကြတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ဒီနေ့မှာ မီးရှူး မီးပန်းတွေ အကြီးအကျယ် ပစ်ဖောက် ဆင်နွှဲကြတာတာဖြစ်ပြီး အဓိကအားဖြင့်တော့ လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ထိုးခဲ့တဲ့ ဖီလာဒဲလ်ဖီးယား (Philadelphia) အပါအဝင် ဝါရှင်တန်ဒီစီ မြို့တော်နဲ့ နယူးယောက်မြို့မှာ မီးရှူး မီးပန်းတွေကို ပစ်ဖောက်ကြတာပါ။

အဲဒီနေ့မှာပဲ အမေရိကန်နိုင်ငံသားဖြစ်ဖို့ စာမေးပွဲ အောင်ထားသူ လူ ၁၀၀ ကို ဝါရှင်တန်မြို့အပြင် ဗာဂျီးနီးယားပြည်နယ်က မောင့် ဗာနွန် (Mount Vernon) မှာရှိတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဂျော့ချ် ဝါရှင်တန် (George Washington) ရဲ့ နေအိမ်မှာ ကျမ်းကျိန်ပွဲ ကျင်းပပြီး နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အမေရိကန်စစ်တပ် မိသားစုဝင်တွေကို သမ္မတ အိမ်ဖြူတော်ဝင်းအတွင်း ဖိတ်ခေါ်ပြီး BBQ အသားကင်တွေ၊ တီးဝိုင်းတွေနဲ့ တည်ခင်း ဧည့်ခံပါတယ်။

လွတ်လပ်ရေးနေ့မှာပဲ နယူးယောက်မြို့က ကိုနေ အပန်းဖြေကျွန်း (Coney Island) မှာ နှစ်ပတ်လည် ဟော့ဒေါ့ (Hotdog) အစားပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူတွေ အနေနဲ့ ၁၀ မိနစ်အတွင်း စားနိုင်သလောက် ဟော့ဒေါ့တွေကို စားကြရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်ရှိချံပီယံ ဂျိုယေး ချက်စ်နပ် (Joey Chestnut) က ဟော့ဒေါ့ ၆၂ ခုစားပြီး ၅ ကြိမ်မြောက် ချန်ပီယံအဖြစ်နဲ့ ပထမဆု ရသွားပါတယ်။ အမျိုးသမီး ချန်ပီယံ အဖြစ်နဲ့ ဆိုနီယာ သောမတ်စ် (Sonya Thomas) ကတော့ ဟော့ဒေါ့ အခု ၄၀ စားပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

XS
SM
MD
LG