သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးနေ့ ရန်ကုန်မှာ ကျင်းပ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်က အမေရိကန်နိုင်ငံရဲ့ ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်က အမေရိကန်နိုင်ငံရဲ့ ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား။

ဇူလိုင်လ (၄) ရက်နေ့မှာ ကျရောက်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်မှာ ဇူလိုင်လ (၂) ရက်နေ့ မနေ့ညက ပြုလုပ်ခဲ့ ပါတယ်။ မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေးသိသိသာသာ တိုးတက်လာတာနဲ့ အတူ နှစ်နိုင်ငံ စီးပွားရေး အကျိုးအမြတ်တွေ အခုထက် ပိုမိုတိုးတက်လာဖို့ ရှိကြောင်း မြန်မာ အစိုးရ အာဏာပိုင်တွေက မျှော်လင့်ပါတယ်။ ရန်ကုန်မြို့ အမေရိကန် သံအမတ်ကြီးနေအိမ် မှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား အကြောင်း ကိုစည်သူက ပြောပြပေးမှာပါ။

ဇူလိုင်လ (၄) ရက်နေ့မှာ ကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နေအိမ်မှာ မနေ့ညက ကြိုတင်ပြီး ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် တည်ဆောက်ရာမှာ မြန်မာပြည်သူတွေ ကိုယ်တိုင်ဖန်တီးဖို့ လိုအပ်တယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကပြောသွားပါတယ်။

"၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ညီညွတ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု နဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေအတွက် မှတ်ကျောက်တင်ရမယ့် နှစ်ပါ။"

သံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးကာလ နောက်ပိုင်းကာလတွေမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး သိသိသာသာ တိုးတက်လာမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ တိုးတက်လာကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

" ရှေးတုန်းက ကာလတွေ ပြန်ကြည့်ရင် အများကြီးကွာသွားတာပေါ့။ ဆက်ဆံရေးက သူတို့က ကျနော်တို့ကို State Department က အများကြီး နားလည်တယ်။ သူတို့ရဲ့ အကူအညီတွေကလည်း အများကြီး ရှိတယ်ပေါ့နော်။ Support တွေက။ လုပ်ရတာ ပိုအားရှိတာပေါ့ Reform မှာလည်း။ ဆက်ဆံရေးက အရမ်းကောင်းတာပေါ့နော်။ အရင်ထက်စာရင်။ ဒီလိုနဲ့ပဲ ကျနော်တို့က Move လုပ်သွားရမှာပဲ။ ဒါကြောင့်လည်း တချို့က စင်ကာပူမှာ အခြေစိုက်ထားတဲ့ US Business သမားတွေက လာပြီးတော့ Invest လုပ်တာ။ ဒါတွေကလည်း ကျနော်တို့အတွက် အများကြီး အကျိုး ရှိတာပေါ့နော်။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ရပ်ထားလို့တော့ မရဘူး။ ပျက်သွားနိုင်တယ်။ ပိုကောင်းလာနိုင်တယ်။ ဒီတော့ အားလုံးကြိုးစားရမှာပေါ့။"

အမေရိကန်သံအမတ်ကြီးနေအိမ်မှာလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား ကို မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာက သံအမတ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ လာရောက်ကြပါတယ်။

"Ambassador ပြောသွားတဲ့ Speech လေးကနေ inspiration အရမ်းရပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဆိုတာက Create လုပ်တာ ကိုယ်ကိုတိုင် ဖန်တီးတာက အကောင်းဆုံးပါတဲ့ အဲ့ဒီ့စကားလေးက Abraham Lincoln ရဲ့ စကားလေး ဆိုပြီး ပြောသွားတယ်။ သမီး အရမ်းခွန်အားရ ပါတယ်။ ဖြူဖြူတို့လည်း နိုင်ငံရဲ့ လူငယ်တွေအတွက်ဆို နိုင်ငံရဲ့ အနာဂတ်ကို ကိုယ်တိုင်ပဲ ဖန်တီးရမယ်ဆိုတဲ့ ခွန်အားလေးလည်း ရပါတယ်။ "

လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ပြော သွားတာပါ။

အဆိုတော် မေဆွိကတော့ အမေရိက မှာ အနေများတဲ့အတွက် ရန်ကုန်ရောက်တုန်း အခုလို လာရောက်ရတာကို ဝမ်းသာရကြောင်း ပြောပါတယ်။

" ၂၃၉ နှစ်ပြည့်တဲ့ မွေးနေ့ဆိုတော့ ထူးထူးခြားခြားလည်း ဖြစ်တာပေါ့နော်။ ရန်ကုန်မှာရှိရင်တော့ အမြဲတမ်း ဒီပွဲကို လာဖြစ်တယ်။ ဒါပေမဲ့
ဒီဟာလေးက မတူတာလေးက ဘာလေးလဲဆိုတော့ ဘယ်လိုပြောရမလဲ။ ဟိုမှာဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကို Dry ဖြစ်နေတဲ့ ရာသီဥတုဖြစ်နေတဲ့ အတွက် အပြင်မှာဆိုလို့ရှိရင် မဆွေတို့ BBQ ဘာဘီကျူး တွေ လုပ်စားကြမယ် Fireworks တွေကြည့်မယ်။ အဲ့လိုလေးတွေတော့ နည်းနည်းကွာတယ်။ ဒီမှာကကျတော့ နည်းနည်းတော့ Formal တော့ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အမြဲတမ်း ဒီလိုလာဖြစ်တာကိုလည်း အရမ်းဝမ်းသာပါတယ်။ အကုန်လုံးနဲ့ ပြန်ဆုံရတဲ့အတွက်မို့ အရမ်းလည်း ပျော်ပါတယ်။ ဟုတ်ကဲ့။"

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလနောက်ပိုင်း အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက် လာတာနဲ့အတူ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင် ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံကို (၂) ကြိမ် လာရောက်ခဲ့ပြီးပါပြီ။ နိုင်ငံရေးအရ ဆက်ဆံမှုတွေ၊ စီးပွားရေးအင်အားကြီးနိုင်ငံ အဖြစ် ဆက်ဆံမှုတွေကြောင့် မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရေရှည် တည်တံ့တဲ့ အပြုသဘောဆောင် ဆက်ဆံရေးမျိုး ရှိဖို့ လိုအပ်ကြောင်း နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေက ရှုမြင်ထားပါတယ်။

ဇူလိုင်လ (၄) ရက်နေ့မှာကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမေရိကန်နိုင်ငံတဝှမ်းမှာ စည်စည်ကားကား ကျင်းပသွားဖို့လည်း စီစဉ်နေကြပါတယ်။


XS
SM
MD
LG