သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း လွတ်လပ်ရေးနေ့ကျင်းပ


အမေရိကန်ပြည်ထောင်စုတဝှမ်း ၂၃၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ဆင်နွှဲကြပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတ Barack Obama ကလည်း သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ ပျော်ရွှင်ဖွယ်ရာ လွတ်လပ်ရေးနေ့ အခါသမယ ဖြစ်ပါစေလို့ လူထုကို နှုတ်ခွန်းဆက်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုဝင် ရာနဲ့ချီကို အိမ်ဖြူတော် အနောက်ဘက် ဥယျာဉ်မှာ BBQ အသားကင်နဲ့ ဧည့်ခံမှာလည်း ဖြစ်ပါတယ်။ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ ဒီနေ့မှာ အမေရိကန်လူထုဟာ ပျော်ပွဲစားတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ မီးရှုးမီးပန်းတွေကိုလည်း ပစ်ဖောက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်မှာလည်း ဒီကနေ့ည ဂီတဖျော်ဖြေပွဲ ကျင်းပတာမှာ အဆိုတော် Barry Minailow, Nicole Schezinger တို့ အပါအဝင် နာမည်ကျော် ဂီတဝိုင်းတွေဖြစ်တဲ့ Alabama, KC and the Sunshine band၊ အမျိုးသား Symphony Orchestra ဝိုင်းလည်း ပါဝင် တီးခတ်ဖျော်ဖြေမှာပါ။

ဒီအတောအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်လာနိုင်မှုနဲ့ ပတ်သတ်လို့ လုံခြုံရေးအေဂျင်စီတွေက သတိပေးထားပြီးနောက် ရဲလုံခြုံရေး အများအပြားလည်း ချထားပါတယ်။ လွန်ခဲ့တဲ့အပတ်အတွင်းတုန်းက တူနီးရှား၊ ကူဝိတ်နဲ့ ပြင်သစ်မှာ အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့ပြီး အခုလို လုံခြုံရေး တင်းကျပ်ထားတာပါ။

ဒါ့အပြင် ဒီနိုင်ငံအားလပ်ရက်မှာ လည်ပတ်နေချိန်အတွင်း မသင်္ကာဖွယ်ရာကို တွေ့ရင် သက်ဆိုင်ရာကို ချက်ခြင်းသတင်းပို့ဖို့ကိုလည်း အမေရိကန် လုံခြုံရေးအရာရှိတွေက လူထုကို တိုက်တွန်း အကြံပြုထားပါတယ်။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မြောက်အမေရိကတိုက်မှာရှိတဲ့ ဗြိတိသျှ ကိုလိုနီနယ်မြေ ၁၃ ခုကနေ ဗြိတိသျှလက်အောက်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် တနှစ်လောက်ကတည်းက လွတ်လပ်ရေးအတွက် စစ်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတဲ့ ပါရီ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုတဲ့ ၁၇၈၃ ခုနှစ်ကျမှ ဒီစစ်ပွဲတွေ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG