သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယရောက်


အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခံထားရတဲ့ အီရန်ဆီကနေ ရေနံဝယ်ယူနေတာကို လျှော့ချပစ်ဖို့ အိန္ဒိယအစိုးရကို သူ့အနေနဲ့ တိုက်တွန်းသွားမှာပါ။ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားရောက်ပြီးတဲ့နောက် ဒီကနေ့မှာ ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ ရောက်ရှိနေတာပါ။ ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် မနက်ဖြန်မှာ နယူးဒေလီမြို့ကို ထွက်ခွာမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အီရန်အပေါ် ရေနံအတွက် မှီခိုအားထားနေရမှုကို လျှော့ချခဲ့ပေမဲ့ တောင်အာရှ နိုင်ငံတွေကတော့ အကြီးအမား စွမ်းအင်လိုချက်တွေ ရှိနေတာပါ။ အီရန်ဆီက ရေနံတွေ ဝယ်ယူနေတဲ့ တိုင်းပြည်တွေက ဘဏ်တွေအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ပြဌာန်းထားတဲ့ အမေရိကန်ရဲ့ ဥပဒေကိုလည်း အိန္ဒိယနိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်အပေါ် အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက အပြစ်ပေး အရေးယူထားတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခရီးစဉ် မတိုင်ခင်မှာတော့ ဝန်ကြီး ကလင်တန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာ ဒီကနေ့ လူထုနဲ့ အမေးဖြေကဏ္ဍ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus စတင်တည်ထောင်ခဲ့တဲ့ Grameen ဘဏ်ရဲ့ လုပ်ငန်းစဉ်တွေကို သူ့အနေနဲ့ ထောက်ခံကြောင်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။

သူမအနေနဲ့ Yunus ရဲ့ လုပ်ငန်းတွေအပေါ်ရော၊ Yunus အပေါ်မှာရော လေးစားတဲ့အကြောင်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက Muhammad Yunus ရဲ့ လုပ်ငန်းတွေ သိမ်ငယ်အောင် လုပ်ဆောင်တာမျိုးကို သူ့အနေနဲ့ မမြင်လိုဘူးလို့လည်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။

XS
SM
MD
LG