သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန် အိန္ဒိယကို တိုက်တွန်း


အမေရိကန်နှင့် အိန္ဒိယ မိတ်ဘက် ဆက်ဆံရေး အနာဂတ် အခြေအနေ သုံးသပ်ချက် ဆွေးနွေးပွဲအတွင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘန်းစ် (ဝဲစွန်) အမှာစကား ပြောကြားနေစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၁။
အမေရိကန်နှင့် အိန္ဒိယ မိတ်ဘက် ဆက်ဆံရေး အနာဂတ် အခြေအနေ သုံးသပ်ချက် ဆွေးနွေးပွဲအတွင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘန်းစ် (ဝဲစွန်) အမှာစကား ပြောကြားနေစဉ်။ စက်တင်ဘာ ၂၇၊ ၂၀၁၁။

အာရှမှာ တနေ့တခြား အင်အားကြီးထွားလာနေတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းကြာရှည် ရှိခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေပြုပြီးတော့ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့အတွက် ဖိအားပေးဖို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တုန်းက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အိန္ဒိယ အနေနဲ့ အရှေ့အာရှ ပစိဖိတ်ဒေသရှိ အမေရိကန် ပြည်ထောင်စုရဲ့ သမားရိုးကျ မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျအပြင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လုံခြုံရေး သဘောတူညီချက်တွေကို ရယူခဲ့တာကြောင့် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ အရှေ့မျှော် ပေါ်လစီဟာ မျှော်ရုံအဆင့် မဟုတ်တော့ဘဲ လက်တွေ့ ဖော်ဆောင်တဲ့ ပေါ်လစီအဆင့် ရောက်နေတာ တွေ့ရတဲ့အတွက် အခုလို အင်အား ကြီးထွားလာတာနဲ့အတူ ဒေသတွင်း လူ့အခွင့်အရေး စောင့်ရှောက်မှု တာဝန်ကိုလည်း အလားတူ ဒွန်တွဲ ရယူရမှာ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘန်းစ် (William Burns) က အမေရိကန်နဲ့ အိန္ဒိယ မိတ်ဘက် ဆက်ဆံရေး အနာဂတ် အခြေအနေ သုံးသပ်ချက်မှာ အခုလို ပြောကြားသွားပါတယ်။

“ခြုံပြီးတော့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံ အနေနဲ့ တနေ့တခြား အင်အားကြီးတဲ့နိုင်ငံ ဖြစ်လာသလို တာဝန်လည်း ပိုလာတယ် ဆိုတာကို အသိအမှတ်ပြု လက်ခံထားတယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် မဟတ္တမ ဂန္ဒီကြီးရဲ့ စိတ်ဓာတ်ကို အမှူးပြုပြီးတော့ နေရာတနေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံရမယ်ဆိုရင် ကမ္ဘာ့ အခြားနေရာတွေမှာလည်း အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ အတူတူပဲ ဖြစ်တယ်ဆိုတာကို နားလည် လက်ခံရမှာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရပြီး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခြင်း ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ အိန္ဒိယအကြား နှစ်နိုင်ငံ စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆက်ဆံမှု အားကောင်းလာတာကို အခြေပြုပြီး နေပြည်တော်ရှိ အစိုးရကို ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့လည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ အစိုးရကို တိုက်တွန်းသွားပါတယ်။

“မကြာသေးခင် သီတင်းပတ်တွေက မြန်မာနိုင်ငံမှာ စိတ်အားတက်စရာကောင်းတဲ့ အပြောင်းအလဲတွေကို မြင်ရပြီးတော့ အထူးသဖြင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ပြောဆိုမှုတွေကို ကြားခဲ့ရပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဖြစ်ခဲ့တဲ့ မစ်စ် ရောင်း (Nirupama Rao) ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနှစ် အစောပိုင်းက တွေ့ဆုံခဲ့တာကို အရေးကြီးတဲ့ ခြေလှမ်းအဖြစ်နဲ့ ရှုမြင်ပါတယ်။ အိန္ဒိယ အစိုးရနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး ရင်းနှီးမှုကို အခြေပြုပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးအပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ရယူဖို့ တိုက်တွန်းနိုင်လိမ့်မယ်လို့လည်း အမေရိကန် ပြည်ထောင်စုက မျှော်လင့်ပါတယ်။”

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘန်းစ် ရည်ညွှန်းခဲ့တဲ့အတိုင်း ဇွန်လက အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (SM Krishna) နဲ့အတူ နိုင်ငံခြားရေးဌာန အတွင်းဝန် မစ်စ် နီရူပါမာ ရောင်းလည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တနာရီကြာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ မစ်စ် ရောင်းဟာ လက်ရှိမှာ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

ဘရွတ်ကင်းစ် ညီလာခံမှာ မစ်စ် ရောင်းကလည်း အရှေ့တောင်အာရှ ဒေသနဲ့ အိန္ဒိယ ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်တဲ့အကြောင်း အခုလို ပြောကြားသွားပါတယ်။

“အိန္ဒိယနဲ့ အရှေ့အာရှ ပစိဖိတ်ဒေသ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပိုမိုအားကောင်းလာပြီး ၁၉၉၀ ခုနှစ် အစောပိုင်းမှာ ကျမတို့ ချမှတ်ခဲ့တဲ့ အရှေ့မျှော် ပေါ်လစီကနေ အခုဆို အရှေ့တောင်အာရှမှာ ကျမတို့ရဲ့ အိမ်နီးချင်း နိုင်ငံများနဲ့ စီးပွားရေး၊ လူမှုရေးအရ ပြန်လည်ဆက်မိနေပြီ ဖြစ်ပါတယ်။ အနှစ် ၂၀ အပြီးမှာတော့ အိန္ဒိယအနေနဲ့ အရှေ့တောင်အာရှ ဒေသရှိ လူတွေနဲ့ နိုင်ငံတွေ အချင်းချင်းကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိလာပြီ ဖြစ်ပါတယ်။

“အရှေ့တောင်အာရှ ဒေသဟာလည်း အင်အားကောင်းကောင်းနဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒီဒေသမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး တည်တံ့ခိုင်မြဲဖို့အတွက် အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံစလုံးက ရှေးရှု ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။” လို့ မစ်စ် ရောင်းက ပြောကြားသွားပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ စီးပွားရေး၊ နိုင်ငံရေးအရ ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်နေတဲ့ အိန္ဒိယ အနေနဲ့ သဘာဝဓာတ်ငွေ့ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံနဲ့လည်း ကုန်သွယ်ရေး စာချုပ်တွေ ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရေး ခရီးတွေလည်း အပြန်အလှန် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကော်မရှင် ဆွေးနွေးပွဲကို နယူးဒေလီမှာ အင်္ဂါနေ့က ကျင်းပခဲ့ရာမှာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို လက်ရှိ ဒေါ်လာ ၁.၅ ဘီလီယံကနေ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၃ ဘီလီယံအထိ တိုးချဲ့ လုပ်ဆောင်နိုင်ဖို့ အဆိုပြုခဲ့တာတွေလည်း တွေ့ရပါတယ်။

XS
SM
MD
LG