သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမှုတိုက်ဖျက်ရေး အိန္ဒိယနဲ့တွဲဖို့ ကန်လိုလား


အမေရိကန် ပြည်ထောင်စုအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အကောင်းဆုံး မိတ်ဖက်တိုင်းပြည်တခု ဖြစ်နိုင်တဲ့အကြောင်း ၃ ရက်ကြာခရီးစဉ် အဆုံးသတ်ချိန် နယူးဒေလီမြို့တော်မှာ သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။

လူမှောင်ခိုမှုတွေ၊ ခေတ်သစ်ကျေးကျွန် စနစ်တွေကို အဆုံးသတ်အောင် အတူတကွ လက်တွဲ ဆောင်ရွက်နိုင်သလို၊ ကမ္ဘာ့မိတ်ဆွေဘက်တွေအဖြစ် ရာသီဥတု ဖောက်ပြန်မှုတွေကို အရေးတကြီး ရင်ဆိုင်ဖို့ လိုအပ်တဲ့အကြောင်း နယူးဒေလီမြို့မှာ ဒီကနေ့ လူငယ်တွေနဲ့ တွေ့ဆုံ စကားပြောရာမှာ ပြောကြားခဲ့တာပါ။

အကောင်းဆုံး မိတ်ဆွေအဖြစ် အိန္ဒိယပြည်သူတွေ ဆင်းရဲတွင်းက လွတ်မြောက်ဖို့၊ စက်မှုလုပ်ငန်းတွေနဲ့ နည်းပညာ ဖွံ့ဖြိုးလာဖို့နဲ့၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တိုက်ဖျက်ဖို့ အမေရိကန်က ကူညီလိုတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာကြီးပူနွေးလာနေတဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် သန့်ရှင်းတဲ့ လောင်စာတွေ ပိုမိုသုံးဖို့လည်း တိုက်တွန်းခဲ့သလို၊ အိန္ဒိယနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေအနေနဲ့ ဇီဝလောင်စာ အသုံးပြုမှုတွေကို လျှော့မချနိုင်ခဲ့ရင် ရာသီဥတု ဖောက်ပြန်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မလွယ်ဘူးလို့လည်း ပြောခဲ့တာပါ။

မနေ့တုန်းကတော့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အိန္ဒိယနိုင်ငံအတွက် ချေးငွေအဖြစ် ဒေါ်လာသန်း ၄ ထောင် သုံးစွဲမှာ ဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ သမ္မတကတော်တို့ဟာ နယူးဒေလီ မြို့တော်အနီးက ကမ္ဘာကျော် Taj Mahal ဂူဗိမ္မာန်ကို ဒီကနေ့ အလည်အပတ်သွားဖို့ စီစဉ်ထားပေမဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံကို သွားဖို့အတွက် ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။

XS
SM
MD
LG