သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သတင်းထောက်တွေကို ရုရှားထောက်လှမ်းမှု အိုဘားမားအစိုးရစုံစမ်း


The New York Times သတင်းစာတိုက်ကြီးအပါအဝင် တခြားသတင်းဌာနတွေက သတင်းထောက်တွေရဲ့ သတင်းစုဆောင်းမှုတွေကို ပစ်မှတ်ထားပြီး ရုရှားထောက်လှမ်းရေးက Online ကနေ ဆက်တိုက် ကြားဖောက် ခိုးယူခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေ ယုံကြည်နေကြတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် အမေရိကန်က စုံစမ်းနေပါပြီ။

ပြီးခဲ့တဲ့လ တော်တော်ကြာထဲက Online ကနေ ကြားဖောက် ခိုးယူမှုကို သိခဲ့တာဖြစ်တယ်လို့ အမေရိကန် သတင်းဌာနကြီးတွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ကြပါတယ်။ Democratic ပါတီအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထောက်လှမ်းမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို သမ္မတလောင်းအဖြစ်တင်မြှောက်နိုင်ဖို့ ပါတီတွင်း ကြိုးစားနေချိန်မှာ သတင်းဌာနကြီးတွေကို ထောက်လှမ်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဝါရှင်တန်အခြေစိုက် တတ်သိပညာရှင်အဖွဲ့တွေ၊ သတင်းဌာနကြီးတွေလို အစိုးရဌာနမဟုတ်တဲ့ အမေရိကန် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထောက်လှမ်းခဲ့ပုံရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ အမေရိကန် နိုင်ငံရေး အခင်းအကျင်းကို သိရှိနိုင်အောင် ထောက်လှမ်းပုံရတယ်လို့ ဆိုပါတယ်။

ထိပ်တန်းသတင်းထောက်တွေ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို ကြားဖောက်ခိုးယူမှုကနေတဆင့် သူတို့သတင်းရဲ့ ဇစ်မြစ်တွေ၊ ဒါမှမဟုတ် ရုရှားနဲ့ပတ်သက်လို့ မထုတ်ပြန်ရသေးတဲ့ သတင်းအကြောင်း အရိပ်အမြွက်ကို သိနိုင်မှာဖြစ်ပါတယ်။ Democratic ပါတီညီလာခံ မစခင်လေးမှာပဲ ပါတီရဲ့ ဝါရှင်တန်ရုံးချုပ်မှာရှိတဲ့ ကွန်ပြူတာတွေကနေ အပြန်အလှန်ပို့ခဲ့တဲ့ Email ပေါင်း ၁ သောင်း ၉ ထောင်ကျော်ကို WikiLeaks website ပေါ်မှာ ပြခဲ့ပါတယ်။

ဒီ Email တွေ ဘယ်ကရသလဲဆိုတာကို WikiLeaks က ပြောကြားခြင်းမရှိပေမဲ့ Russia hacker တွေက ကြားကနေ ခိုးယူခဲ့တာဖြစ်တယ်လို့ အမေရိကန် Online လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG