သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံသားနှစ်ဦးကို ထောင်ဒဏ် ၈ နှစ်စီ အီရန်ချမှတ်


အီရန်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား Shane Bauer (ဝဲ)၊ Josh Fattal (ယာ) တို့ကို တီဟီရန်ရှိ တရားရုံးတခုတွင် ရုံးတင်စစ်ဆေးနေစဉ် (သြဂုတ်လ၊ ၂၀၁၁)
အီရန်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား Shane Bauer (ဝဲ)၊ Josh Fattal (ယာ) တို့ကို တီဟီရန်ရှိ တရားရုံးတခုတွင် ရုံးတင်စစ်ဆေးနေစဉ် (သြဂုတ်လ၊ ၂၀၁၁)

အီရန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား ၂ ယောက်ကို သူလျှိုလုပ်မှု၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတွေနဲ့ အီရန် အာဏာပိုင်တွေက ထောင်ဒဏ် ၈ နှစ်စီ အပြစ်ပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံသား ၂ ယောက်ဖြစ်တဲ့ Shane Bauer နဲ့ Josh Fattal တို့ကို သူလျှိုလုပ်မှုအတွက် ထောင်ဒဏ် ၅ နှစ်၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုအတွက် ၃ နှစ်စီ အပြစ်ပေးလိုက်တဲ့အကြောင်း တရားရေးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး အီရန် အစိုးရပိုင် ရုပ်မြင်သံကြားက စနေနေ့မှာ ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း သူတို့ကို ဖမ်းဆီးထားတဲ့ ကာလတွေကို ပြစ်ဒဏ်ထဲက ပြန်လျှော့ပေး မပေးဆိုတာကိုတော့ သတင်းက တိတိကျကျ မပြောခဲ့ပါဘူး။

အခုပြစ်ဒဏ်စီရင်ခံရသူ ၂ ယောက်အပြင် ပြီးခဲ့တဲ့နှစ်ကမှ အာမခံကြေး ဒေါ်လာ ၅ သိန်းနဲ့ အမေရိကန်ကို ပြန်လာနိုင်ခဲ့တဲ့ Sarah Shourd တို့ဟာ အီရန်နဲ့အီရတ် နယ်စပ်ဒေသမှာ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရတာပါ။ ၃ ဦးစလုံးကတော့ သူတို့မှာ အပြစ်မရှိကြောင်းနဲ့ အားလပ်ရက်အတွင်း အီရတ်နိုင်ငံ မြောက်ပိုင်းမှာ တောင်တက်နေတုန်း ဖမ်းဆီးခံခဲ့ရတာလို့ ပြောထားတာဖြစ်ပါတယ်။ တိတိကျကျ သတ်မှတ်မထားတဲ့ နယ်စပ်ကို ဖြတ်ကျော်မိတယ် ဆိုရင်လည်း ဒါဟာ မတော်တဆသာ ဖြစ်မယ်လို့လည်း ပြောခဲ့ကြတာပါ။

အီရန်နိုင်ငံနဲ့ သံတမန် ဆက်ဆံမှု မရှိပေမဲ့လည်း အမေရိကန် ပြည်ထောင်စုကတော့ သူတို့အားလုံးကို ပြန်လွှတ်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး စီရင်ချက်ကို အတည်ပြုနိုင်ဖို့ အတွက်လည်း အီရန်နိုင်ငံမှာရှိတဲ့ ဆွစ်ဇာလန်သံရုံးကတဆင့် ကြိုးပမ်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ရဲ့ အကျိုးဆောင် ရှေ့နေဖြစ်သူကတော့ အမှုကို နောက်ဆုံး ကြားနာခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကတည်းကစလို့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်တာ ရှိတယ်မရှိဘူးဆိုတာ အီရန် အာဏာပိုင်တွေဆီက အကြောင်းကြားတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG