သုံးရလွယ်ကူစေသည့် Link များ

အီရန် စစ်အင်အား တိုးချဲ့မှု အမေရိကန် စိုးရိမ်


အီရန်မှာ စစ်တပ်အင်အား တိုးလာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို ထိန်းချုပ်ထားတဲ့သူတွေ၊ တာဝန်သိ ပုဂ္ဂိုလ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေဘက်က ကြိုးပမ်း အားထုတ်တာတွေ ရှိလာလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ထုတ်လွှင့်နေတဲ့ ABC ရုပ်သံရဲ့ This Week အစီအစဉ်က ကြိုတင်ရိုက်ကူးပြီး ထုတ်လွှင့်တဲ့ အင်တာဗျူး တခုမှာ ဝန်ကြီး ကလင်တန်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ၆ နိုင်ငံ ဆွေးနွေးဝိုင်းထဲ ပြန်ဝင်လာဖို့နဲ့ အဲဒီ နျူကလီးယား လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မှာကို အပြည့်အ၀ ခွင့်ပြုဖို့ အမေရိကန် အနေနဲ့ လိုလားကြောင်းလည်း ဝန်ကြီး ကလင်တန်က ပြောပါသေးတယ်။

တချိန်တည်းမှာပဲ အဲဒီ ရုပ်သံလွှင့် အစီအစဉ်မှာပဲ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ကလည်း သူ့နိုင်ငံထဲ ဝင်လာတဲ့ အမေရိကန် တောင်တက်သမား တယောက်ကို မကြာသေးခင်က ပြန်လွှတ်ပေးခဲ့သလိုပဲ အမေရိကန်နိုင်ငံမှာ တရားမဝင် ဖမ်းဆီးထားတဲ့ အီရန်နိုင်ငံသား ၈ ယောက်ကိုလည်း ပြန်လွှတ်ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG