သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အမေရိကန် ပိတ်ဆို့မှု ထပ်တိုး


အီရန်နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ထပ်မံ တိုးချဲ့လိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ အီရန် နျူကလီးယား အစီအစဉ်၊ ဒုံးကျည်အစီအစဉ်တွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေကို အရေးယူမှု ပြစ်ဒဏ် သတ်မှတ်လိုက်တာပါ။
အခုလို အရေးယူဒဏ်ခတ်မှု တိုးချဲ့တာကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်သ်နာ (Timothy Geithner) က ဗုဒ္ဒဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်တဲ့ အီရန်နိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှု ဆုံးဖြတ်ချက်ကို ပထမဆုံးအဆင့် အနေနဲ့ အကောင်အထည် ဖော်လိုက်တာ ဖြစ်တယ်လို့ မစ္စတာ ဂိုက်သ်နာက ပြောပါတယ်။

အခြားနိုင်ငံတွေ အနေနဲ့လည်း အီရန်နိုင်ငံ အပေါ်မှာ မိမိတို့ အတိုင်းအတာနဲ့ အရေးယူ ဒဏ်ခတ်မှုတွေ မကြာခင် ဆောင်ရွက် လုပ်ကိုင်ကြလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာဂိုက်သ်နာက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားပါတယ်။

EU ဥရောပသမဂ္ဂ အနေနဲ့ကတော့ လာမယ့် ကြာသပတေးနေ့ကျရင် အီရန်အပေါ် ပြင်းထန်တဲ့ အရေးယူမှုအသစ် ချမှတ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီမှာတော့ အီရန် သဘာဝဓာတ်ငွေ့နဲ့ ရေနံလုပ်ငန်းက အဓိကကျသူတွေကို ပစ်မှတ်ထား အရေးယူဖို့ ရှိပါတယ်။

အခု ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှု တိုးချဲ့ပြဋ္ဌာန်းချက်မှာတော့ အီရန်နိုင်ငံရဲ့ Post Bank ကို နာမည်ဆိုးအဖြစ် သတ်မှတ်ကြေညာထားပါတယ်။ အခုဆို အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှုအောက်မှာ အီရန်ပိုင် ဘဏ်လုပ်ငန်းပေါင်း ၁၆ ခု ရှိသွားပါပြီ။

အီရန်နိုင်ငံရဲ့ ဒုံးကျည် အစီအစဉ်တွေမှာ အဓိကကျတဲ့ အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်း၊ ပုဂ္ဂိုလ်တွေကို အမေရိကန် ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူခဲ့တယ်လို့ မစ္စတာ ဂိုက်သ်နာက ပြောပါတယ်။

XS
SM
MD
LG