သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီမှုမူကြမ်း လွှတ်တော်ကော်မတီ အတည်ပြု


အီရန်နဲ့ ပြုလုပ်မယ့် နျူကလီးယားသဘောတူညီချက်ကို အမေရိကန်လွှတ်တော်အနေနဲ့ ပြန်လည် သုံးသပ်ပြီး ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာကို မဲခွဲ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ လွှတ်တော်မှာရှိကြောင်း - အဆိုပြုချက်မူကြမ်းကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက အင်္ဂါနေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

ပါတီကြီး ၂ ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့ တင်သွင်းခဲ့တဲ့ အဲဒီအဆိုပြုချက်မူကြမ်းကို လွှတ်တော်အမတ် ၁၉ ဦးစလုံးက တညီတညွတ်ထဲ ထောက်ခံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီမူကြမ်းကို လွှတ်တော် ၂ ရပ်စလုံးက မဲခွဲဆုံးဖြတ်ကြဖို့အတွက် ပို့လိုက်ပြီ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့လည်း အဲဒီအဆိုပြုချက်ကို လက်မှတ်ထိုး အတည်ပြုပေးဖို့ များတယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ပြန်လည်ရေးဆွဲပြီး တင်သွင်းလိုက်တဲ့ မူကြမ်းအသစ်အရ အီရန်နဲ့ သဘောတူညီချက်ကို မူလ ရက်ပေါင်း ၆၀ ကြာ ပြန်လည် သုံးသပ်ခွင့်ရှိရာကနေ ရက်ပေါင်း ၃၀ အထိ လျှော့ချပေးထားတာလည်း ဖြစ်ပါတယ်။

အီရန်အနေနဲ့ သဘောတူညီချက်ပါ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာခြင်း ရှိ မရှိဆိုတာကို သမ္မတက ရက် ၉၀ မှာတကြိမ် စစ်ဆေးခွင့်ရှိမှာ ဖြစ်ပါတယ်။ အီရန်ဘက်က သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတာ တွေ့ရှိခဲ့ရင် အမေရိကန်လွှတ်တော်က အီရန်အပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်း အသက်ပြန်သွင်းခွင့် ရှိမှာလည်း ဖြစ်ပါတယ်။

အမေရိကန်၊ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ အီရန်အကြား ပြုလုပ်နေတဲ့ အီရန် နျူကလီးယားအရေး ဆွေးနွေးမှုတွေမှာ လွှတ်တော်ရဲ့ သဘောထားလည်း ပါဝင်သင့်တယ်ဆိုပြီး အမေရိကန် လွှတ်တော်အမတ် အတော်များများက တောင်းဆိုနေတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာလည်း အီရန်အရေး ကိစ္စအတွက် ထိပ်တန်း အထက်လွှတ်တော်အမတ် ၂ ဦးနဲ့ ၂ ရက်ကြာ တံခါးပိတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးကယ်ရီဟာ ဂျာမနီနိုင်ငံ Luebck မှာ ကျင်းပနေတဲ့ G – 7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ စည်းဝေးပွဲကို ဗုဒ္ဓဟူးနေ့မှာ သွားတက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG