အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးကို ဗုံးခွဲလုပ်ကြံဖို့ ကြံစည်မှုကို အချိန်မီ တားဆီးလိုက်နိုင်တယ်လို့ အမေရိကန်နိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယား သံအမတ် Adel al-Jubeir ကို အီရန်အစိုးရကနေ လုပ်ကြံဖို့အတွက် ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲမှုကို ပါဝင်ပတ်သက်နေတဲ့ အီရန်နိုင်ငံသားနှစ်ဦးကို အမေရိကန် တရားရေးဌာနက အင်္ဂါနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး သံအမတ်ကို လုပ်ကြံဖို့ ကြံစည်မှုကို မကျေနပ်ကြောင်း အမေရိကန်နဲ့ တသဘောတည်းရှိတာကို ပြသဖို့အတွက် သမ္မတ ဘရက်အိုဘားမားက ဆော်ဒီသံအမတ်ကို ပြောကြားလိုက်ပါတယ်။ သမ္မတအိမ်ဖြူကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အမေရိကန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်တွေအားလုံးကို အကာအကွယ်ပေးမှာ ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။
အီရန်အစိုးရက လုပ်ကြံဖို့အတွက် ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲမှုဟာ ပါဝင်ပတ်သက်နေတဲ့ တစ်ဦးဟာ Manssor Arbabsiar ဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။ သူဟာ အီရန်နဲ့ အမေရိကန်နိုင်ငံကူး လက်မှတ် နှစ်မျိုးစလုံးကို ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အီရန် Quds လက်ရွေးစင်တပ်ဖွဲ့က တပ်သားတစ်ဦးဖြစ်သူ Gholam Shakuri ဖြစ်ပြီး အခုချိန်ထိ ဖမ်းမမိသေးဘူးလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။
ဒီလိုလုပ်ကြံဖို့ ကြံစည်မှုကို အီရန်ကနေ တိုက်ရိုက် တာဝန်ယူပြီး လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန် တရားရုံးချုပ် ရှေ့နေ Eric Holder က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဒီလိုလုပ်ရပ်မျိုးတွေ ရပ်တန်းကနေ ရပ်ဖို့အတွက် အမေရိကန်က ပြင်းထန်တဲ့ သတိပေးချက်တွေ အီရန်ကိုပေးဖို့အတွက် လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ဆိုပါတယ်။ ဒါ့အပြင် အီရန်ကို နိုင်ငံတကာ အရေးယူမှုတွေ လုပ်ဖို့အတွက် နည်းလမ်းတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက စဉ်းစားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။