သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလမှာ အီရန်ခေါင်းဆောင်က Trump ကို ပြင်းထန်စွာဝေဖန်


အီရန် နျူးကလီးယား ထိန်းချုပ်ရေး ၂၀၁၅ နိုင်ငံတကာသဘောတူစာချုပ်ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်၊ မနှုတ်ထွက်ဘူးဆိုတာနဲ့ ပတ်သက်လို့ သူအနေနဲ့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

သူရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အသေးစိတ်ကို သူက ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် အီရန်ဟာ အကြမ်းဖက်မှု၊ သွေးထွက်သံယိုနဲ့ ဆူပူမှုတို့ကို အဓိက လှုံဆော်နေတဲ့ နာမည်ဆိုးရထားတဲ့ စီးပွားရေးအရ ချွတ်ချုံကျနေတဲ့ နိုင်ငံအဖြစ်သူက ပြစ်တင်ရှုတ်ချခဲ့ပြီး တရက်အကြာမှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ အမေရိကန်နဲ့ အီရန်တင်းမာမှုဟာ အများအာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့က အီရန်သမ္မတ ဟာဆန်ရိုဟာနီက မိန့်ခွန်းပြောကြားခဲ့ရာမှာ အီရန်အနေနဲ့ ဘယ်သူရဲ့ ခြိမ်းခြောက်မှုကိုမှ သည်းခံမှာ မဟုတ်ကြောင်းနဲ့ ထရန့်ရဲ့ မကျေနပ်ချက်တွေ အကြောင်း ပြောကြားခဲ့တာတွေကိုလည်း သူ့အနေနဲ့ ဂရုမစိုက်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ထရန့်ရဲ့ ပြောကြားချက်တွေဟာ အရုပ်ဆိုး အကျည်းတန်ပြီး အတွေးအခေါ် ကင်းမဲ့ရာရောက်ကြောင်း ရိုဟာနီက ပြောပါတယ်။ အမေရိကန်ခေါင်းဆောင်ကို ရည်ညွန်းပြီးပြောကြားရာမှာ ကမ္ဘာ့နိုင်ငံရေးလောကမှာ ရောက်လာကြတဲ့ဆိုးသွမ်းတဲ့ လူသစ်တွေကြောင့် နျူးကလီးယားသဘောတူညီမှု ပျက်ပြယ်ပေမဲ့လည်း အီရန်ရဲ့ ဖွံဖြိုးတိုးတက်မှုကိုတော့ ဘယ်တော့မှ အဟန့်အတားဖြစ်မှာမဟုတ်ကြောင်း ရိုဟာနီက ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဘရက်အိုဘားမားနဲ့ အခြားအင်အားကြီး ငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ စေ့စပ်ညှိုနှိုင်းခဲ့တဲ့ ဒီသဘောတူညီမှုဟာ အမေရိကန်အတွက် အရှက်ရစရာဖြစ်တယ်လို့ ပြောပြီး ဒီသဘောတူညီမှုကနေ နှုတ်ထွက်မယ်လို့ သမ္မတထရန့်က ဒီသီတင်းပတ်က အခိုင်အမာပြောခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG