အီရတ်နိုင်ငံမှာ အသွင်ကူးပြောင်းမှု စစ်ဆင်ရေးအတွက် အရုဏ်သစ်လို့ အမည်ပေးထားတဲ့ လုပ်ငန်းတွေကို စတင်ရင်း တိုက်ခိုက်ရေး လုပ်ငန်းတွေ အဆုံးသတ်တဲ့ အခမ်းအနားတွေကို အမေရိကန်တပ်ဖွဲ့တွေ ကျင်းပနေကြပါတယ်။
အမေရိကန် ဒု-သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) နဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) တို့ ဦးဆောင်ပြီး ဒီကနေ့ ဘဂ္ဂဒက်မြို့တော်က အုပ်ချုပ်ရေး လွှဲပြောင်းတဲ့ လုပ်ငန်းတွေကိုတော့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ အီရတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာပါ။
တချိန်က အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန် (Saddam Hussein) သိမ်းပိုက် နေထိုင်ခဲ့တဲ့ နန်းတော်မှာ အမေရိကန်နဲ့ အီရတ် အလံတွေကို ဘေးချင်းယှဉ် ထောင်ထားတဲ့ အခမ်းအနားမှာတော့ ဒု-သမ္မတ ဘိုင်ဒင်က ၂ နိုင်ငံကြား နှစ်အတော်ကြာ ရုန်းကန်ခဲ့မှုတွေ၊ ပေးဆပ်ခဲ့တာတွေကို အတူတကွ ဆောင်ရွက်ခဲ့ကြကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အီရတ် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို အချုပ်အခြာအာဏာ ခိုင်မြဲဖို့နဲ့ တည်ငြိမ်မှု ရရှိစေဖို့ အရပ်ဘက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုခဲ့တာပါ။
အခမ်းအနားအတွင်း အီရတ်နိုင်ငံမှာ ဆက်လက်ရှိနေမယ့် အမေရိကန် တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကို အုပ်ချုပ်ဖို့အတွက် ထိပ်တန်းတပ်မှူးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ရေမွန် အိုဒီယာနို (Raymond Odierno) ရဲ့ နေရာကို ဒုတိယဗိုလ်ချုပ်ကြီး လွိုက် အော်စတင် (Lloyd Austin) နဲ့ အစားထိုးလိုက်ပါတယ်။
အရုဏ်သစ် စစ်ဆင်ရေးရဲ့ ရည်မှန်းချက်အဖြစ် အမေရိကန် တပ်ဖွဲ့တွေက နိုင်ငံကို ကာကွယ်ရာမှာ အပြည့်အ၀ တာဝန်လွှဲပြောင်းယူခဲ့တဲ့ အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် အကြံပေးတာ၊ ပံ့ပိုးတာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။