သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကျူးကျော်မှု အီရတ်အရပ်သား ၁ သိန်းကျော် သေဆုံးခဲ့


အမေရိကန် ကျူးကျော်မှု အီရတ်အရပ်သား ၁ သိန်းကျော် သေဆုံးခဲ့

အီရတ်စစ်ပွဲအတွင်း ဖမ်းဆီးထားသူတွေကို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ အရင်တုန်းက မသိရသေးတဲ့ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ ကိစ္စတွေ အပါအ၀င် အမေရိကန် စစ်တပ်က လျို့ဝှက်မှတ်တမ်းပေါင်း ၄ သိန်းကို အင်တာနက်ဝက်ဘ်ဆိုက် တခုဖြစ်တဲ့ WikiLeaks က ထုတ်ပြန်လိုက်ပါတယ်။

ဒီအချက်အလက်တွေကိုလည်း The Guardian, Al-Jazeera အပါအ၀င် နိုင်ငံတကာ သတင်းဌာနတွေကို အသုံးပြုဖို့ သောကြာနေ့မှာပဲ ခွင့်ပြုလိုက်တာပါ။ ၂၀၀၃ ခုနှစ် မတ်လကနေ နှစ်ကုန်ပိုင်းအထိ အမေရိကန် ဦးဆောင်တဲ့ ကျူးကျော်စစ်အတွင်း လူပေါင်း ၁ သိန်း ၉ ထောင် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ်က မှတ်တမ်းသွင်းထားပေမဲ့ လူသိရှင်ကြား ငြင်းဆိုထားတဲ့ အီရတ်နိုင်ငံက သေဆုံးသူကိန်းဂဏန်းတွေကို ဒီအထောက်အထားတွေက ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒီကိစ္စကို သိရက်နဲ့ အီရတ်ရဲ့နဲ့ စစ်သားတွေက အကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေကို စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း ဒီမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ သောကြာနေ့ အစောပိုင်းမှာတော့ လျို့ဝှက်မှတ်တမ်းတွေ ထုတ်ပြန်မယ့် ကိစ္စဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေရဲ့ အသက်အန္တရာယ်တွေကို ထိခိုက်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက သတိပေးခဲ့တာပါ။

အီရတ်စစ်ပွဲနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေက ဘယ်အချိန်ကာလက ဖြစ်တယ်ဆိုတာ အသေးစိတ် ဖော်ပြမထားပေမဲ့ အမေရိကန် တပ်ဖွဲ့တွေ တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို ဖော်ထုတ်လိုက်တာ ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောခွင့်ရသူ Geoff Morrell က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG